သုဝဏ္ဏတွင် စက်ဘီးစီးနင်းလာသော အမျိုးသားအား စစ်တပ်မှ ပစ်ခတ်ဖမ်းဆီး

သုဝဏ္ဏတွင် စက်ဘီးစီးနင်းလာသော အမျိုးသားအား စစ်တပ်မှ ပစ်ခတ်ဖမ်းဆီး

အောက်တိုဘာလ ၁၈ ရက်

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမကြီးပေါ် သုဝဏ္ဏ ဝေဘူလမှတ်တိုင်အနီးတွင် ယမန်နေ့ညပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။

“ အဲ့ပစ်တဲ့နေရာနားမှာ EPC ကကောင်တွေ မီးလာလုပ်တော့ ဓာတ်တိုင်မှာချည်ထားတဲ့ အိတ်အမဲအထုပ်တွေ့လ်ို့ စစ်သားတွေခေါ်လိုက်တာ၊ အဲ့ခွေး(စကစတပ်သား)တွေ ပတ်ရမ်းနေရော၊ စစ်နေတုန်း စက်ဘီးနဲ့လူတစ်ယောက်က သူတို့စစ်တဲ့နားရောက်တော့ သူတို့လှမ်းခေါ်တာ မရပ်ဘဲ လှည့်ပြေးလို့ဆိုပြီး ပစ်လိုက်တာ၊ စက်ဘီးရော လူရော ကားပေါ်တင်သယ်သွားတယ်။” ဟု ပြောသည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး မျက်မြင်သက်သေဖြစ်သူမှာ ပစ်ခတ်မှုကိုမြင်တွေ့ပြီး သွေးလန့်တုန်လှုပ်နေသောကြောင့် ပစ်ခတ်ခံရသူ၏ နောက်ဆက်တွဲအခြေအနေအား ပြန်လည်ပြောပြနိုင်ခြင်းမရှိပေ။ သို့သော် ပစ်ခတ်ခံရသူမှာ သေဆုံးနိုင်ချေရှိကြောင်း ဒေသခံအချို့ကပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ အနီးပတ်ဝန်းကျင်၌ ရမ်းကားသောင်းကျန်းခြင်းများပြုလုပ်ခဲ့ပြီး အခင်းဖြစ်ရာနေရာတစ်ဝိုက်က ရပ်ကွက်ထဲသို့ ညတွင်းဝင်ရောက်သောင်းကျန်းမည်ဟု ပြောဆိုမှုများရှိကြောင်း သတင်းရင်းမြစ်ကပြောသည်။

ထို့နောက်တွင် သံသုမာလမ်းမကြီးဘေးရှိ သွားဆေးတက္ကသိုလ်အနီး သိပ္ပံလမ်းတစ်ဝိုက်တွင် စစ်ကား သုံးစီးပိတ်ဆို့ထားပြီး စစ်ဆေးမှုတချို့ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly