NUG အစိုးရအဖွဲ့ဝင်များ လူနှင့် မူ ကင်းလွတ်ခြင်းမဖြစ်အောင် သတိထားကြရန် ယာယီသမ္မတကြီး ပြောကြား

NUG အစိုးရအဖွဲ့ဝင်များ လူနှင့် မူ ကင်းလွတ်ခြင်းမဖြစ်အောင် သတိထားကြရန် ယာယီသမ္မတကြီး ပြောကြား

အောက်တိုဘာလ ၁၈ ရက်

NUG အစိုးရအဖွဲ့ဝင်များ လူနှင့်မူ ကင်းလွတ်ခြင်းမဖြစ်အောင် သတိထားကြရန် ယာယီသမ္မတကြီးက ပြောကြားသည်။

အောက်တိုဘာ ၁၈ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောကြားခဲ့ခြင်းဖြစ်သည်။

"အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ မူနဲ့ လူ တခြားစီ ကင်းလွတ်နေတာမျိုး မဖြစ်အောင် သတိပြုကြဖို့ ကျွန်တော့်အနေနဲ့ အနူးညွတ် မေတ္တာရပ်ခံပါတယ်။ ဒါ့အပြင် လူထုတော်လှန်ရေးကို လူထုတော်လှန်ရေးနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေဖြစ်ဖို့လိုကြောင်း တိုက်တွန်းချင်ပါတယ်" ဟု ယာယီသမ္မတကြီးက ဆိုသည်။

နွေဦးတော်လှန်ရေးမှာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့နှင့် ချီတက်နေခြင်းမဟုတ်ဘဲ အားလုံးပါဝင်သည့်မူကို ကိုင်ဆွဲချီတက်နေခြင်းဖြစ်ကြောင်း၊ မဟာမိတ်ဆက်ဆံရေး တည်ဆောက်ရာတွင် ရေတိုအကျိုးစီးပွားကိုကြည့်ကာ ပေါင်းသင်းခြင်းမျိုး ရှောင်ရှားရမည်ဟု ယာယီသမ္မတကြီးက ဆက်လက်ပြောကြားသည်။

"အုပ်စုအကျိုးစီးပွားတွေအပေါ်မှာပဲ ကျောက်ချနေမယ်ဆိုရင် ကျွန်တော်တို့ နွေဦးတော်လှန်ရေးဟာ သေးငယ်ပြီး ကျုံ့ဝင်သွားပါလိမ့်မယ်။ ကြီးမားကျယ်ပြန့်ပြီး အားကောင်းတဲ့ လူထုတော်လှန်ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကို သတိချပ်ပြီးတော့ အမြော်အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ မဟာမိတ်ဆက်ဆံရေး တပ်ပေါင်းစုကို အင်အားကြီးအောင် စုဖွဲ့တည်ဆောက်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်" ဟု ယာယီသမ္မတကြီး ဒူဝါလရှီးလက ပြောသည်။

စစ်ရေးနှင့်ပတ်သက်ပြီး မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ ပြုလုပ်ရမည်ဟု ယာယီသမ္မတကြီးဒူဝါလရှီးလက ပြောသည်။

ထို့ပြင် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ဖက်ဒရယ်ဒီမိုကရေစီအတွက် အခြေခံအုတ်မြစ်ဖြစ်စေရန် တိတိကျကျရှင်းရှင်းလင်းလင်းဖြစ်အောင် ဆောင်ရွက်ရမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"အခြေခံမူတွေဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံဖို့နဲ့ နိုင်ငံအတွင်းက လူမျိုးအားလုံးကို လွှမ်းခြုံစေဖို့ လိုပါတယ်။ ဒါ့အပြင် လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖီလာဆန့်ကျင်စေမယ့် ပြဋ္ဌာန်းချက်တွေကိုလည်း ရှောင်ရှားကြဖို့လည်း အထူးသတိပေးလိုပါတယ်။ အနာဂတ်နိုင်ငံတော်ရဲ့ နှစ်ပေါင်း ၅၀ ၊၁၀၀လောက်အထိ ကြိုတင်ရှုမြင်ပြီး အနာဂတ်အတွက် အခြေခံမူတွေကို ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲ စဉ်းစားကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

ယနေ့ပြုလုပ်သည့် NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ယာယီသမ္မတကြီးက မဟာမိတ်များနှင့် လက်တွဲဆောင်ရွက်ရမည့် အခြေအနေများကို အထူးပြု ပြောကြားခဲ့သည်ကို တွေ့ရသည်။

"နွေဦးတော်လှန်ရေးရဲ့ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့အခါမှာလည်း ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နဲ့ ငါတကောကော လုပ်ဆောင်တာမျိုးတွေကို ရှောင်ရှားဖို့၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် နှစ်ပေါင်း ၁၀၀၊၂၀၀ လောက်အထိ ကျော်ကြည့်နိုင်တဲ့ တိုင်းပြုပြည်ပြုသမားတွေအဖြစ် ရပ်တည်ပြီး နိုင်ငံရေးဝီရိယ စိုက်ထုတ်ကြ" ဟု ယာယီသမ္မတကြီးက နိဂုံးချုပ် ပြောကြားခဲ့သည်ကို တွေ့ရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly