မြင်းမူတွင် ယာဉ်တန်းကို မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ အပြန်လမ်း၌ မိုင်းဆွဲခံရ

မြင်းမူတွင် ယာဉ်တန်းကို မိုင်းလာရှင်းသည့် စစ်ကောင်စီတပ်ဖွဲ့ အပြန်လမ်း၌ မိုင်းဆွဲခံရ

အောက်တိုဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ယာဉ်တန်းကို မိုင်းရှင်းပြီး ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို အပြန်လမ်းတွင် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MMU- PDF) တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

ယာဉ်တန်းကို မိုင်းရှင်းပြီးအပြန် အင်အား ကိုးဦးခန့် ပါဝင်ပြီး ခြေကျင်လျှောက် ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို မြင်းမူမြို့နှင့် ပျော့ရွာအကြားတွင် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်းက နှစ်လုံးတွဲမိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“ယာဉ်တန်းဖြတ်ပြီး တောကင်းပုန်းဝပ်တာ လိုလို၊ မိုင်းရှင်းတာလိုလို လုပ်ပြီး (မြင်းမူ) မြို့ထဲကို ခြေလျင်ပြန်ဝင်တဲ့ကောင်တွေ(စစ်ကောင်စီတပ်သား) ပါ။ အထွက်တုန်းက ကားနဲ့လိုက်ပို့တာ၊ အပြန်ကျ ခြေလျင်ပြန်တာ” ဟု MMU- PDF တာဝန်ရှိက မဇ္ဈိမကို ပြောသည်။

ယင်း စစ်ကောင်စီတပ်သား ကိုးဦးပါဝင်သည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုတွင် မိုင်းကွင်းနှင့် အနီးဆုံးက စစ်ကောင်စီတပ်သား အနည်းဆုံး သုံးယောက် သေဆုံးနိုင်ပြီး တချို့လည်း ထိခိုက်ဒဏ်ရာများ ရသွားကြောင်း ဆိုသည်။

မဇ္ဈိမက လက်ခံရရှိသော ရုပ်သံဖိုင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုအပြီး စစ်ကောင်စီတပ်သားများသည် လက်နက်ငယ်များ ဦးတည်ရာမဲ့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို ကြားနေရသည်။

မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်သားများသည် စစ်ကိုင်းရှိ တပ်မ (၃၃) မှ မုံရွာမြို့သို့ ဦးတည်ထွက်ခွာလာသော အင်အား ၂၀ ခန့်ဖြင့် စစ်ကား ကိုးစီးပါ ယာဉ်တန်းကို မိုင်းရှင်း လုံခြုံရေးယူပေးခြင်းဖြစ်ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယင်းစစ်ကား ကိုးစီးသည်လည်း မုံရွာလမ်းမကြီးပေါ်ရှိ မြင်းမူမြို့နယ် ပျော့ရွာနှင့် ကန်ဖျားဇရပ်အကြားတွင် ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MMU – PDF) ၏ ပဒေသာမိုင်း နှစ်ကြိမ်ဆွဲ တိုက်ခိုက်မှုကို ခံခဲ့ရသေးသည်။

“တစ်ကြိမ်ကလည်း ထိပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်က ကားတစ်စီးလုံး ထိထိမိမိဖြစ်တယ်။ အထိအခိုက်များမယ်။ ခန့်မှန်းခြေကတော့ ပထမကားထဲက သုံးယောက်လောက်နဲ့ နောက်ထပ်ကားထဲကတော့ တော်တော်များမယ်” ဟု MMU – PDF တပ်ဖွဲ့က မဇ္ဈိမကို ပြောသည်။

လက်ရှိမှာ အဆိုပါ စစ်ကောင်စီ စစ်ကားများသည် မြင်းမူမြို့နယ်ကို ဖြတ်ပြီး မုံရွာမြို့သို့ ဦးတည်ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း PDF သတင်းရင်းမြစ်တစ်ခုက ပြောသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ရှိလာချိန်တွင် နေရာအနှံ့၌ လက်နက်ကိုင် ခုခံတိုက်ပွဲများ အရှိန်မြင့်လာနေပြီး နိုင်ငံ၏ အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ- MMUPDF က စစ်ကားများအား အောက်တိုဘာလ ၁၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့စဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly