မီးရှို့ခံရသည့် ကျေးရွာများအတွက် ယာယီနေအိမ်များ တည်ဆောက်ပေးရန် ယင်းမာပင် PDF တပ်ရင်း(၁)ပြင်ဆင်နေ

မီးရှို့ခံရသည့် ကျေးရွာများအတွက် ယာယီနေအိမ်များ တည်ဆောက်ပေးရန် ယင်းမာပင် PDF တပ်ရင်း(၁)ပြင်ဆင်နေ

အောက်တိုဘာလ ၁၈ ရက်

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ခြင်းခံခဲ့ရသည့် ကျေးရွာများအတွက် ယာယီနေအိမ်များ တည်ဆောက်ပေးရန် ယင်းမာပင် PDF တပ်ရင်း (၁)မှ ပြင်ဆင်နေကြောင်း သိရသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်း နေရာအနှံ့ရှိ သစ်ခိုးထုတ်သူများထံမှ ဖမ်းဆီးရမိခဲ့သည့် သစ်များကို စက်တင်ဘာလ အစပိုင်းမှစတင်ကာ ဆင်များဖြင့် လိုက်လံစုဆောင်းနေခြင်းဖြစ်ပြီး ယင်းမာပင်မြို့ အနောက်ဘက်ကျေးရွာများကို ယာယီအိမ်များ စတင်ဆောက်လုပ်ပေးသွားမည်ဟု ဆိုသည်။

"ဒေသမှာ မီးရှို့ခံရတဲ့ကျေးရွာတွေအတွက် ယာယီနေအိမ်တွေ ဆောက်လုပ်ပေးနိုင်ဖို့ တောတောင်တွင်း သစ်ခိုးထုတ်သူတွေဆီက ဖမ်းမိထားတဲ့ သစ်တွေရှိပါတယ်၊ နေရာတွေက ပြန့်ကျဲနေတော့ အခုလောလောဆယ် ဆင်တွေသုံးပြီး ပြန်လည်ထူထောင်ရေးအတွက် သစ်တွေဆွဲစုနေပါတယ်" ဟု ယင်းမာပင် PDF တပ်ရင်း (၁) ဒုတပ်ရင်းမှူး ကိုမင်းမင်းက ပြောသည်။

ယင်းမာပင်မြို့အနောက်ဘက်ရှိ အိမ်ခြေ ၂၀၀ကျော််မီးရှို့ခံရသည့် ကပိုင်ရွာ၊ ၂၁အိမ်မီးရှို့ခံရသည့် သီးကုန်းရွာနှင့် ၄၂အိမ်မီးရှို့ခံရသည့် ပေါင်းဝ ကျေးရွာတို့ကို အစောဆုံးဆောက်လုပ်ပေးရန် ရည်ရွယ်ထားပြီး နောက်ပိုင်းတွင် ကျန်ရှိသည့်ကျေးရွာများကို ဆက်လက်ဆောက်လုပ်ပေးသွားမည်ဟု သိရသည်။

"ဆင်တွေနဲ့ လိုက်စုပြီးသားသစ်တွေကို သစ်စက်နဲ့ ပြန်ခွဲရဦးမှာ၊ လောလောဆယ်က ယာယီနေဖြစ်ဖို့လောက်ပဲ ဆောက်လို့ရမှာ။ စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးပြီး ထပ်ရှို့တာတွေက ရှိနိုင်မှာပဲလေ၊ သူတို့က ကြွက်မနိုင် ကျည်မီးနဲ့ ရှို့နေကြတာ၊ ပြန်ပြီး စစ်ကြောင်းထိုး မီးရှို့ရင် ထပ်ပြီးတော့ လုပ်ရမှာပဲ" ဟု ဒုတပ်ရင်းမှူး ကိုမင်းမင်းက ပြောသည်။

ယင်းမာပင်မြို့နယ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် ကျေးရွာ ၁၀ရွာကျော်ရှိပြီး ဒေသခံ ၁၀,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

အလေတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းရှိ ဆင်ဦးစီးနှင့်ဆင်များအားလုံး ၂၀၂၁ သြဂုတ်လ အတွင်းမှ စတင်ကာ CDM ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းမာပင် PDF တပ်ရင်း(၁) နှင့် ပူးပေါင်းကာ တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်နေကြခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly