သပိတ်ကျင်း တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့စခန်း လေကြောင်းမှတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာသိန်း ၁၀၀ ကျော်ဖိုး ဆုံးရှုံး

သပိတ်ကျင်း တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့စခန်း လေကြောင်းမှတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာသိန်း ၁၀၀ ကျော်ဖိုး ဆုံးရှုံး

မန္တလေး(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့အရှေ့ခြမ်း ဘုရားလေးကုန်းနှင့် ငါးပတ်ချောင်း ကျေးရွာအနီးရှိ PDF တပ်ဖွဲ့မှူးသင်တန်း(NCO)ကွင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့တွင် စစ်ကောင်စီက ရဟတ်ယာဉ်ခြောက်စင်း ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် သပိတ်ကျင်းမြို့နယ်(ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့စခန်း တိုက်ခိုက်ခံခဲ့ရပြီး တပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနှင့် ရိက္ခာသိန်း ၁၀၀ ကျော်ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် သည်။

စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် စခန်းရှိ ပုလဲယမ်း တစ်ပိုင်း၊ ကတ်သီး တစ်ဖာ(၁၅၀ လုံးပါ)၊ ၆၀ မမ ပြောင်းတစ်လက်၊ ၆၀ မမ ကျည်ဖူး ၁၂ လုံး၊ ပတ်လည်မိုင်း ၂၄ လုံံး၊ စလစ်မိုင်း သုံးလုံး၊ တွင်ခုံပစ္စည်းအမြောက်အများ၊ ဒီဇယ် ၁၀ ပုံး၊ ဆန် ငါးပိုင်း၊ စားဆီ နှစ်ပုံး၊ မိုးကာကိုက် ၁၀၀ ပါတစ်လိပ်၊ ဆိုလာပြား၊ ဘက္ထရီအိုးစသည့် ပစ္စ္စ္စည်းများသိမ်းဆည်းခံခဲ့ရပြီး ကာလတန်ကြေးသိန်း ကျပ် ၁၀၀ ကျော် ဝန်းကျင်ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် တစ်နာရီနီးပါးကြာသည်အထိ လေကြောင်းမှနေ၍ အချက်ပေါင်းရာနှင့် ချီပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား အင်အား ၈၀ ခန့်ဖြင့်စစ်ကြောင်းထိုးကာ NCO စခန်းအား မီးရှို့ခဲ့ခြင်းဖြစ် သည်။ စစ်ကောင်စီတပ်သည် NCO စခန်းအား မီးရှို့ပြီးနောက် အဆိုပါ စခန်းအနီးရှိ TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့စခန်းကိုပါ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။

ထိုသို့ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဆုံးရှုံးခဲ့သော်လည်း တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ ရှောင်တိမ်းနိုင်ခဲ့ ကြောင်း TBK တပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့အရှေ့ခြမ်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် PDF တပ်ဖွဲ့ဝင်ကိုးဦး အပါအဝင် ပြည်သူ ၁၁ ဦး ထက် မနည်း ကျဆုံးခဲ့ရကြောင်းသိရသည်။

ဓာတ်ပုံ - TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required