ပြစ်မှုကျူးလွန်မထားတဲ့ Non-CDM တွေကို အပြစ်ပေးသင့်သလား (opinion)

ပြစ်မှုကျူးလွန်မထားတဲ့ Non-CDM တွေကို အပြစ်ပေးသင့်သလား (opinion)

မကြာသေးမီက CDM ပါဝင်ဆောင်ရွက်ခြင်းမရှိသည့် ဝန်ထမ်းများကို အရေးယူမည်ဟု နွေဦးတော်လှန်ရေး၏ နိုင်ငံရေး ဦးဆောင်မှုအပိုင်းမှပြောကြားချက်ကို သတင်းထုတ်ပြန်မှုများ တွေ့မြင်ခဲ့ရသည်။

CDM ဝန်ထမ်းများနှင့်ပါတ်သက်သော မူဝါဒသာမက အသွင်ကူးပြောင်းမှုကာလတရားမျှတရေး၊ အနာဂါတ်နိုင်ငံတော်တည်ဆောက်ရေးနှင့် နွေဦးတော်လှန်ရေး တစ်ခုလုံး၏ ပုံရိပ်တို့အတွက်ပါ အရေးပါလှသည့် မူဝါဒရွေးချယ်မှုဖြစ်သည့်အလျှောက် အလေးအနက်ထား၍ စဥ်းစားချင့်ချိန်စရာ များစွာရှိနေပေသည်။

Non-CDM များတွင် စစ်ကောင်စီ၏ ဖိနှိပ်မှုယန္တရားတွင် မိမိရာထူးနေရာကို အသုံးချ၍ဖြစ်စေ၊ တနည်းနည်းနဲ့ဖြစ်စေ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ နွေဦးတော်လှန်ရေးကို နှိမ်နင်းမှုများ၊ CDM လှုပ်ရှားမှုကြီးအပေါ်ဖိနှိပ်မှုများကို ပါဝင် ကျူးလွန်ခဲ့သူများရှိပါသည်။ ထိုသူများသည် Non-CDM သက်သက်မဟုတ်ကြဘဲ၊ ရှိပြီး ဝန်ထမ်းလုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်သည်ထက် ပို၍ စစ် ကောင်စီကို အလုပ်အကျွေးပြု ထောက်တိုင်များဖြစ်ကြပါသည်။ Non-CDM plus များဟု သတ်မှတ်ရပါမည်။ ၎င်းတို့သည် ၎င်းတို့နှင့်ထိုက်တန်သော ပြစ်ဒဏ်စီရင်မှုများကို ရရှိခံစားစေရမည်။ မြန််မာနိုင်ငံတွင် အစိုးရ အဆက်ဆက် ထွန်းကားခဲ့သည့် ပြစ်ဒဏ်ကင်းလွတ်သည့် ယဥ်ကျေးမှု (impunity culture) ကို မပယ် သတ်နိုင်ပါလျှင် ဖက်ဒရယ်ဒီမိုကရေစီအုတ်မြစ်သည် ခိုင်ခန့်မည် မဟုတ်နိုင်ချေ။

ဖိနှိပ်မှုယန္တရားတွင် ပါဝင်ခြင်းမရှိသော၊ CDM ဝန်ထမ်းများကို ချောက်ချခြင်း၊ သတင်းပေးခြင်း၊ နွေဦး တော်လှန်ရေးကို နှိမ်နင်းမှုတွင် ပါဝင်ခြင်း မရှိသော Non-CDM ဝန်ထမ်းများကို မူဝါဒအရကိုင်တွယ်ရန်မှာ အခြား စဥ်းစားချက်တစ်ခုဖြစ်သင့်သည်။

ဤသို့ဆိုရာတွင် ၎င်းတို့သည် နွေဦးတော်လှန်ရေးအောင်မြင်သည်နှင့် ၎င်းတို့၏ ရာထူးနေရာများအတိုင်း၊ ခံစားခွင့်များအတိုင်း၊ ကြောင့်ကြမဲ့ ဂုဏ်သိက္ခာရှိစွာ ဆက်လိုက် လုပ်ကိုင် နေနိုင်ရန် မူဝါဒ နှိုးဆော်မှုပေးနေခြင်းမဟုတ်ပေ။ သမိုင်းတွင်ရှိခဲ့သော အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ဖြစ်စဥ်များမှ သင်ခန်းစာယူစရာ တစ်ပုံတပင်ရှိသည်။

တော်လှန်ရေးကာလအတွင်း တိုးမြင့်သွားသောရာထူး၊ လစာ၊ ဝန်ထမ်းကောင်းဆုနှင့် အခြားခံစားခွင့်များ ပြန်လည်ရုတ်သိမ်းခြင်း၊ CDM ဝန်ထမ်းများ၏ စွန့်လွှတ် အနစ်နာခံမှု၊ နိုင်ငံသားသတ္တိ (civil courage) နှင့် CDM လှုပ်ရှားမှုကြီး၏ ကြီးမြတ် အရေးပါမှုတို့ကို Non-CDM တစ်ဦးချင်းစီမှ တရားဝင် အသိအမှတ်ပြုစေခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းနှင့် ပြန်လည် ပေါင်း စည်းနိုင်ရန် လိုအပ်သည့် လုပ်ငန်းစဥ်များ ဖြတ်ကျော်စေခြင်းတို့မှာ အသုံးချနိုင်သော နည်းလမ်းများအနက်မှ အချို့ဖြစ်သည်။

သို့သော် ၎င်းတို့အား ဤမျှထက်ပို၍အရေးယူမည့်မူဝါဒများသည် ကျင့်ဝတ်ဆိုင်ရာနှင့် နည်းစနစ် ဆိုင် ရာစဥ်းစားချက်အချို့ကို ကျော်ဖြတ်သင့်သည်။ ဦးစွာလုပ်ဆောင်ရန်မှာ Non-CDM နှင့် ပါတ်သက်သော ပကတိ အခြေအနေကိုလွှမ်းခြုံနိုင်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ယူဆချက်အချို့ကို ဖော်ထုတ်ရန်ဖြစ်သည်။ ဤတွင် နှလုံးသွင်းရန်မှာ သန်းချီသော ဝန်ထမ်းများ၏ နိုင်ငံရေး သဘောထား၊ စေ့ဆော်မှုအားများ၊ စဥ်းစားချက်များကို ယျေဘုယျသဘောသာ ယူဆနိုင်မည်ဖြစ်သည်။ မည်သည့်ယူဆချက်မှ Non-CDM အားလုံးအတွက် အကြွင်းမဲ့ မမှန်နိုင်သော်လည်း မူဝါဒရေးဆွဲသူများ ကိုင်စွဲမည့် ယူဆချက်သည်​ အကောင်းဆုံး ကျိုးကြောင်း ခိုင်လုံသင့် ပေသည်။

အဓိကအားဖြင့် CDM များနှင့်ပတ်သက်၍ တိတိကျကျ ဆိုရလျှင် Non-CDM only နှင့် Non-CDM plus များဟု ခွဲခြားသတ်မှတ်ရပါမည်။

စာကြောင်းများ ရှည်လျားမည်စိုးသောကြောင့် ယခုမှစ၍ ဆိုခဲ့ပါပြစ်မှုများ မကျူးလွန်ခဲ့သည့် Non-CDM များကို “Non-CDM only များ”ဟုသာ သုံးခွင့်ပြုပါ။

ယခုတင်ပြလိုသော ယူဆချက်မှာ Non-CDM only များသည် CDM ဝန်ထမ်းများကဲ့သို့ အများအတွက် မိမိ အကျိုးကို စွန့်လွှတ်အနစ်နာ မခံနိုင်ကြသူများ၊ ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ကြီးလေးသောတန်ဖိုးကို မပေးဆပ်ရဲသူများဖြစ်ကြသည် ဟူ၍ဖြစ်သည်။

အကြောင်းရင်းမှာမူ အမျိုးအမျိုး ရှိနိုင်သည်။ ပြီးနောက် ဤယူဆချက်နှင့် လိုက်လျောညီထွေမှုမရှိသည့် ချွင်းချက်များလည်းရှိနိုင်သည်။ (မှတ်ချက်- ပြစ်မှု ကျူးလွန် သော Non-CDM plus များအကြောင်း ဆွေးနွေးနေခြင်းမဟုတ်တော့ပါ။)

CDM များသည်ဝန်ထမ်းစုစုပေါင်း၏ အနည်းစုသာဖြစ်သည်။ ဤအချက်မှာ ၎င်းတို့၏ အများတွင် မရှိနိုင်သော သတ္တိနှင့် စွန့်လွှတ်အနစ်နာခံမှုကိုသာဖေါ်ပြသည်။ ဤအချက်ကို ‘ကျန်နေသည့် ဝန်ထမ်းအများစု ကြီး (Non-CDM onlyများ) က စစ်အာဏာရှင်စနစ်ကို ဖက်ဒရယ်ဒီမိုကရေစီထက်ပိုမို၍ သဘောကျကြသည်’ ဟု အဓိပ္ပာယ် ဖွင့်ဆိုလျှင် တက်တက်စင်အောင် လွဲချေမည်။ ဝန်ထမ်းများမှာ သန်းချီသောအတိုင်းအတာတွင် ပြည်သူလူထု၏ ကိုယ်စားပြု နမူနာ (representative sample) ဖြစ်သည်ဟု ယူဆနိုင်သည်။

တော်လှန်ရေးတွင်း တက်ကြွစွာ ပါဝင်နေကြသူများ၊ စွန့်လွှတ်အနစ်နာခံနေကြသူများမှာ အနည်းစုသာ ဖြစ် သည်။​ သို့သော် ကျန်ပြည်သူ လူထု အများစုကြီးသည် စစ်အာဏာရှင်ကို စက်ဆုပ်ရွံ့ရှာကြသည်။ ကြောက် သော်က ကြောက်လိမ့်မည်၊​ သို့သော် ဖက်ဒရယ်ဒီမိုကရေစီစစ်စစ်ကိုမဆိုထားနှင့် အာဏာမသိမ်းမီ ၁၀ နှစ်က ရရှိခဲ့သော ရွှေရည်စိမ်ဒီမိုကရေစီ၊ တစ်ပိုင်း တစ်စလွတ်လပ်ခွင့်များနှင့်တောင် မလဲနိုင်ချေ။ ဤသည်မှာ အခြေ အမြစ်မရှိဖြစ်ပေါ်လာသော အဆိုမဟုတ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများမှ အမြို့မြို့ အနယ်နယ်ရှိ လူသန်းပေါင်းများစွာပါဝင်သော ဆန္ဒပြမှုကြီးက သက်သေခံလျက်ရှိသည်။ ၎င်းအာဏာ ခုခံပွဲကြီးတွင် နေပူပူထဲ ခြေတိုအောင်လျှာက်၊ အာခေါင်ကွဲအောင် ကြွေးကြော်သံများအော်ဟစ်၊ ငွေသိန်းချီ အကုန်ကျခံကာ ထမင်းထုပ် ဝေခဲ့သူများထဲမှ အများစုမှာ ယခု ၎င်းတို့၏ ပုံမှန်ဘဝထဲတွင် လည်ပတ် ရုန်းကန်လျက်ရှိနေကြပေပြီ။ ၎င်းတို့ကို သတ္တိမရှိသူများ၊ အပြောတစ်မျိုး အလုပ်တစ်မျိုးသူများ ကြိုက်ရာ တံဆိပ်တပ်ခွင့်ရှိသည်။ သို့သော် အမှန်တရား တစ်ခုမှာ ထိုသူများအားလုံးသည် စစ်အာဏာရှင်၏ သက်တမ်းခြောက်လ အစိုးရစွမ်းဆောင်မှုတွင် သဘော တွေ့သွား၍ မဟုတ်ပေ။ ပိုမို၍ပင် ရွံရှာသွားကြသည်။

စစ်အာဏာရှင်၏ စွမ်းဆောင်မှုရှိသည်ဆိုပါလျှင် လိုလား အပ်သောလွတ်လပ်မှုအတွက် ဆက်လက် ပေးဆပ်ရမည်ဖြစ်သော ကြီးလေးလှသည့် တန်ဖိုးများ မပေးနိုင် တော့ဘဲ ကြောက်ရွံ့သွားအောင် ဘီလူးဇာတ်ခင်းနိုင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။

Non-CDM only ဝန်ထမ်းအများစုကြီးမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ၎င်းတို့သည်​ စစ်အာဏာရှင်စနစ်ကို နှစ်သက်နေ၍ စစ်ကောင်စီလက်အောက်တွင် ဆက်လက်လုပ်ကိုင်နေခြင်း မဟုတ်ကြ ပေ။ CDM ဝန်ထမ်းများသည် ဝန်ထမ်းအများစုကြီးက စစ်အာဏာရှင်ကို လိုလားပါလျက် စောဒကတက်ကာ ဒီမိုကရေစီရေး လှုပ်ရှားနေကြခြင်း မဟုတ်ပေ။ စစ်အာဏာရှင်သုံးလေ့ရှိသော ‘မြန်မာလူ့အဖွဲ့အစည်းသည် စည်းကမ်းမဲ့သော ဒီမိုကရေစီကို လိုလားသူများမဟုတ်’ ဆိုသည့် ‘ဖြီးလုံး’ သည် အခါခပ်သိမ်းမှားသည်။ ဤသို့ လျှင် Non-CDMများ မှာ မပေးဆပ်ဝံ့သူများ သာဖြစ်သည်ဟု ယေဘုယျ ယူဆနိုင်ပေသည်။

၎င်းနည်းတူ CDMများမှာ ဒီမိုကရေစီလိုလားသူလူနည်းစုသေးသေးကလေးမဟုတ်၊ ကြီးမြတ်သော ပေးဆပ်သူများသာဖြစ်ပေသည်။ ထောင်တန်းကျသူလည်းရှိသည်၊ အသက်ပေးဆပ်လိုက်ရသူများလည်း ရှိ သည်၊ မိမိတင်မက မိသားစု ဆွေမျိုးပါမကျန် အတိဒုက္ခရောက်ကြရသူများလည်းရှိသည်။ ၎င်းတို့ထဲတွင် နိုင်ငံ ရေးကို ယခင်က စိတ်မဝင်စား၊ မိမိနှင့် မဆိုင်သလို နေကြသူများလည်းရှိသည်။ ဆိုးရွားပြင်းထန်လှသော တရား လက်လွတ် အစိုးရနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၏ ယုံကြည်ချက်များလည်း ရှင်သန်လာသလို၊ ယုံကြည်ချက် အတွက် မည်သည့်တန်ဖိုးမဆို ပေးဆပ်ရဲသော သတ္တိများလည်း ပေါက်ဖွားလာပေသည်။ သမိုင်းနှင့်ချီ၍ ကြမ္မာ ငင်လှသော နိုင်ငံမှ အားတက်စရာ လှုပ်ရှားမှုကြီးဖြစ်သည်။

၎င်းလှုပ်ရှားမှုကြီးကို Non-CDM only ဝန်ထမ်းများ လေးစားစွာ အသိအမှတ်ပြုရမည်ဖြစ်သည်။ သို့ရာတွင် ဤလှုပ်ရှားမှုကြီး၏ကြီးမြတ်မှုသည် မစွန့်လွှတ်ဝံ့သူများကို ဒဏ်ခတ်မည့် မူဝါဒနှင့် မကိုက်ညီပေ။ နိုဘယ်ဆု ရွေးချယ်ရေးကော်မီတီသည်​ အနောက်ကမ္ဘာ၏ အငြင်းပွားဖွယ်မရှိ ပထမဦးစားပေးဖြစ်သော ယူကရိန်း-ရုရှား စစ်ပွဲနှင့် သက်ဆိုင်သည့် တက်ကြွလှုပ်ရှားသူအဖွဲ့များကို ငြိမ်းချမ်းရေးနိုဘယ်ဆိုအတွက် ရွေးချယ်ခဲ့သည်။ ထိုသို့ မဟုတ်ဘဲ ကမ္ဘာ့သတင်းခေါင်းစီးများတွင် တစ်ခါတရံမှသာ ပေါ်လာတတ်သော အရှေ့ တောင်အာရှ နိုင်ငံငယ်လေးမှ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီး (Civil Disobedience Movement) ကို ဆုအတွက် ရွေးချယ်မည်ဆိုပါစို့။ လက်တွေ့နိုင်ငံရေးအရသာ အံ့သြဝမ်းသာစရာရှိသည်။ နိုဘယ်ငြိမ်းချမ်းရေးဆု ဆိုသည်မှာ CDM လှုပ်ရှားမှုကြီးအတွက် မြေကြီးလက်ခတ်မလွဲထိုက်တန်သော အသိ အမှတ်ပြုမှုသာလျှင် ဖြစ်သည်။

CDM လှုပ်ရှားမှုကြီးနှင့် Non-CDM only အပေါင်းတို့၏သမိုင်းဝင်ဖြစ်ရပ်သည် စွန့်လွှတ်အနစ်နာခံမှု၏ အကောင်းဆုံးဥပမာဖြစ်သည်။ ‘ပေဖြစ်လျှင်ခံ၊ တူဖြစ်လျှင်နှံ’မည့် ဇာတ်လမ်းမဟုတ်။ အကြောင်းမူ Non-CDM only များသည် တူမဟုတ်ခဲ့ကြပေ။ သမိုင်း၏ စိန်ခေါ်မှုအောက်တွင် လက်မြှောက်အညံ့ခံကြသူများဟု ဆိုပါက ဆိုစေ။ တူတော့လျှင် လုံးလုံးမဟုတ်ကြပေ။ တူဖြစ်သည့် စစ်ကောင်စီနှင့် တူ၏ အစိတ်အပိုင်းများအားလုံးသည် ထိုက်တန် သော တရားစီရင်ရေးကို ခံယူကြရမည်။

နွေဦးတော်လှန်ရေးကြီးအောင်မြင်ပါလျှင် ကျွန်ုပ်တို့သည် စွန့်လွှတ်သူတို့၏ အမည်နာမ၌ တရားသော သမိုင်းကို ရေးကြပါမည်။ ဤတွင် အများပြည်သူလူထုကြီး၊ Non-CDM only များအပါအဝင် ၎င်းတို့၏ နောင် သား၊ သမီး၊ မြေး၊ မြစ်များပါမကျန် ဖိအားပေးစရာမလိုဘဲ၊ သဘောထားကွဲလျှင်ပေးမည့်ပြစ်ဒဏ်များကို စိုးရွံ့ စရာ မလိုဘဲ မြန်မာ့ခေတ်သစ်သမိုင်းမှ CDM လှုပ်ရှားမှုကြီး၏ ကျေးဇူးဂုဏ်ကို အစဥ်အမြဲ ရည်မှတ်နေကြ မည်သာ ဖြစ်ပေသည်။

*အသေးစိတ်အဆိုများမှာ ကွဲလွဲမှုရှိနိုင်သော်လည်း ဝန်ထမ်း CDM များမှမကဘဲ CDM ကျောင်းသူ ကျောင်းသား များ၏ ဥပမာကိုလည်း အထက်ပါကျင့်ဝတ်ဆိုင်ရာ စဥ်းစားချက်နှင့် ချင့်ချိန်နိုင်ကြပါရန်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly