၀က်လက်မြို့ အနောက်ခြမ်းရွာများအား စစ်ကောင်စီလေကြောင်းဖြင့်ပစ်ခတ်ရာ ဒေသခံသေဆုံး ဟုဆို

၀က်လက်မြို့ အနောက်ခြမ်းရွာများအား စစ်ကောင်စီလေကြောင်းဖြင့်ပစ်ခတ်ရာ ဒေသခံသေဆုံး ဟုဆို

မန္တလေး(မဇ္စျိမ)။ ။၀က်လက်မြို့အနောက်ခြမ်းကျေးရွာများအား စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသမီး တစ်ဦးသေဆုံခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ ၁၇ ရက်၊ နံနက် ၇ နာရီခွဲခန့်တွင်၊ ရွှေပန်းကုံး၊ ရွာသာကြီး၊ တံတားဦး၊ ရင်းမတော အစရှိသည့် ၀က်လက်မြို့အနောက်ခြမ်းကျေးရွာများအား၊ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အသက်လေးဆယ်၀န်းကျင် အမျိုးသမီး တစ်ဦးသေဆုံးခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆို သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍၊ ၀က်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာရဲစခန်းကို ယနေ့ နံနက်အစော ပိုင်းက ဒေသကာကွယ်ရေးတပ်များပူးပေါင်းတိုက်ခိုက်သဖြင့်၊ စစ်ကောင်စီဘက်က အထိနာသွားခြင်းကြောင့်ဖြစ်ကြောင်း သိရပြီး၊ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

“ရွှေပန်းကုံးရဲစခန်းကို PDF တွေက စောစောစီးစီး၀င်တိုက်တာ၊ ဒီကောင်တွေ အတော်လေးအထိနာသွားတယ်၊ အဲဒါကို အခဲမကျေဖြစ်ပြီး၊ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)ကနေ တက်လာတဲ့ရဟတ်ယာဉ်နှစ်စင်းက ၀က်လက်အနောက်ခြမ်းကို အသားလွတ်ပစ်တာ၊ တစ်နာရီလောက်ပစ်သွားတယ်” ဟု ၀က်လက်မြို့နယ် တော်လှန်ရေးအင်အားစုမှ ဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း ၀က်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာရှိ နေအိမ် အလုံး ၃၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးသွားသေးကြောင်း သိရသည်။

Photo - CJ

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required