တွေ့ဆုံဆွေးရန် RCSS ၏ ကမ်းလှမ်းမှုအပေါ် ဆက်သွယ်လာသည့်အဖွဲ့ မရှိသေးဟုဆို

တွေ့ဆုံဆွေးရန် RCSS ၏ ကမ်းလှမ်းမှုအပေါ် ဆက်သွယ်လာသည့်အဖွဲ့ မရှိသေးဟုဆို

မဲဆောက် (မဇ္ဈိမ) ။ ။ ရှမ်းပြည်နယ်နှင့် ပြည်ထောင်စုအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေး‌နွေးကြရန် RCSS မှ ကမ်းလှမ်းထားသော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်လာသည့်အဖွဲ့ မရှိသေးကြောင်းသိရသည်။

RCSS အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်‌ရေး၊ နိုင်ငံရေးဆွေးနွေးလိုပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်အထိ သတ်မှတ်ကာ ကမ်းလှမ်းထားခြင်း ဖြစ်သည်။

သို့သော် လိုအပ်ပါက အချိန်ကာလကို ထပ်မံတိုးမြှင့်နိုင်ကြောင်းလည်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) မှထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ “ ကမ်းလှမ်းချက်ကို အခုတော့ဘယ်အဖွဲ့ကမှ ကမ်းလှမ်းလာတာတော့ မရှိသေးဘူး” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးကဆိုသည်။

ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးနှင့်နိုင်ငံရေး ပဋိပက္ခများကြောင့် စစ်ပြေးရှောင် များပြားလာခြင်း၊ စီးပွားရေးကျဆင်းလာခြင်းနှင့် ဈေးကွက်မရှိခြင်း၊ ပြည်သူများစားဝတ်နေရေး ကျပ်တည်းခြင်း၊ ခရီးသွားလာရခက်ခဲခြင်းများကြောင့် ပြည်သူများအတိဒုက္ခ ရောက်နေရသည့်အတွက် ပဋိပက္ခများဖြေလျာ့ရေး ယခုကဲ့သို့ကမ်းလှမ်းခြင်းဖြစ်ကြောင်း ဆိုသည်။

RCSS သည် တွေ့ဆုံမှုများမှတစ်ဆင့် အခြားအဖွဲ့များနှင့် ဆက်ဆံရေးပိုမိုအဆင်ပြေရန် မျှော်မှန်းထားသည်ကို တွေ့ရပြီး နိုင်ငံရေးနည်းလမ်းဖြင့်နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်နေကြောင်းလည်း လေ့လာသူများက သုံးသပ်ကြသည်။

ထို့အပြင် RCSS သည် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဩဂုတ်လအတွင်းကပင် စကစနှင့် တွေ့ဆုံခဲ့ကြသေးသည်။

တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် မဟာမိတ်ဖြစ်လာရေး၊ စည်လုံးညီညွတ်မှု တည်ဆောက်နိုင်ရေးအပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပင် ယုံကြည်ထား၍ ကမ်းလှမ်းခြင်းဖြစ်ကြောင်းလည်း RCSS ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) သည် ယခင်ကလည်း ထိုကဲ့သို့ ကမ်းလှမ်းမှုများပြုလုပ်ခဲ့ဖူးသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required