မဇ္ဈိမ ။ ။စစ်ကိုင်းတိုင်း၊ ကသာခရိုင် အင်းတော်မြို့ရှိ အင်းတော်စစ်ဆေးရေးဂိတ်၌ ဖမ်းမိထားသည့် ကျည်ဆန်များသယ်ယူထားသူအား ကသာခရိုင်သို့ ပို့ဆောင်ခံရပြီး စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ရဲစခန်းနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြစ်ကြီးနားမြို့မှ ဆင်းလာသည့် တက်နေလင်းယာဉ်လိုင်းမှ ကားတစ်စီးနှင့် ဘုရင် Express ကားတစ်စီးတို့ကို စစ်ကောင်စီတပ်က ဖမ်းစီးစစ်ဆေးရာမှ ကျည်ဆန်များအတူ ခရီးသည်တစ်ဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။
“အင်းတော်ဂိတ်ဟာ ပုံမှန်ဆိုအစစ်မကြမ်းပါဘူး၊ ပိုက်ဆံတောင်းစားတဲ့ဂိတ်ပါ။ အဲ့ကျည်ဆန်တွေကို ဆန်အိတ်ထဲထည့်ပြီး မော်လူးကနေ မန္တလေးကို တက်နေလင်း Expressကားနဲ့ ပါတယ်လို့သိရပါတယ်။ အဲ့သယ်တဲ့နေ့ကျမှ ကားနံပါတ်တွေ ကားနာမည်တွေ အတိအကျနဲ့ စစ်ဆေးပြီး ဖမ်းဆီးခံလိုက်ရတာပါ။ ပစ္စည်းပိုင်ရှင်ကိုလည်း တစ်ခါတည်းဖမ်းမိပြီး ပိုင်ရှင်ကတော့ အခုကသာစစ်ကြောရေးမှာ ဆုံးသွားပြီလို့ သတင်းတွေ ကြားနေရပါတယ်။” ဟု Indaw Revolution-IR မှ အောက်တိုဘာလ ၁၆ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ယခုကဲ့သို့ ကျည်ဆန်များသယ်ယူ၍ ဖမ်းဆီးခံရသူသည် မည်သည့်အဖွဲ့နှင့်အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း မသိရသည့်အပြင် မည်သူမည်ဝါဖြစ်သည်ကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း Indaw Revolution မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ထို့အပြင် ယင်းကျည်ဆန်များ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များရှိ အတွင်းဒလန်၏ သတင်းပေးမှုကြောင့် အဖမ်းခံရခြင်းဖြစ်၍ ၎င်းတို့အနေဖြင့် အတွင်းဒလန်ပါမပါ စစ်ဆေးရန် Indaw Revolutionမှ အသိပေးထားသည်။
ဆက်လက်ပြီး ဖမ်းဆီး စစ်ဆေးခံရသည့် တက်နေလင်းယာဉ်လိုင်းမှ ကားတစ်စီးနှင့် ဘုရင် Express ကားတစ်စီးကို လိုက်ပါလာသည့် ခရီးသည်များမူ အောက်တိုဘာလ ၁၄ရက်နေ့ နေ့လယ်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)