လူမျိုးအတွက် ဝါသနာကိုစွန့်ဝံ့သူ (သို့မဟုတ်)တစ်ချိန်က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခံစစ်မှူး

လူမျိုးအတွက် ဝါသနာကိုစွန့်ဝံ့သူ (သို့မဟုတ်)တစ်ချိန်က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခံစစ်မှူး

“အားလုံး သတိ၊ သက်သာ ၊ အေးစေ” အဲဒီအသံတွေဟာ မြန်မာ-အိန္ဒိယနယ်စပ်မှာ ရှိတဲ့တောအုပ်လေးထဲကနေ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကို ပေါ်ထွက်လာတာပါ။

အမိန့်ပေးသံတွေနှင့်အတူ တူညီဝတ်စုံတွေ ဝတ်ထားကြတဲ့ လူတစ်စုက တန်းစီပြီး တူညီစွာပဲ တိုင်ပင်ကိုက် လှုပ်ရှားနေကြပါတယ်။

ဒီအသံတွေ ဟစ်ကြွေးနေကြသူတွေကတော့ တောတွင်းတစ်နေရာက ဒေသခံကာကွယ်ရေးတပ် CDF ထန်တလန် အထူးကွန်မန်ဒိုသင်တန်း တက်ရောက်နေတဲ့သူတွေရဲ့အသံပဲဖြစ်ပါတယ်။ သူတို့တွေ လေ့ကျင့်ခန်း စလုပ်နေတာ တစ်နာရီနီးပါးလောက် ကြာနေပါပြီ။

အဲဒီလိုလေ့ကျင့်ရေးတွေ လုပ်နေတဲ့ကြားထဲမှာ အရပ်အမောင်း ထောင်ထောင် မောင်းမောင်း ကိုယ်ခန္ဓာသန်စွမ်းပြီး သင်တန်းသားတွေထက် ခေါင်းတစ်လုံးပိုထွက်နေပြီး မုတ်ဆိတ်မွေး၊ ပသိုင်းမွေးနဲ့ မမောနိုင်မပမ်းနိုင်အောင် အော်ဟစ်အမိန့်ပေးနေတဲ့သူ တစ်ယောက်ကိုလည်း တွေ့ရပါတယ်။

အဲဒီအရပ်ထောင်ထောင် မောင်းမောင်းနဲ့သူက အသားအရေ နေလောင်ဒဏ်တွေ ကြံ့ကြံ့ခံထားရတဲ့ ညိုညိုမဲမဲ အရောင်ထွက်နေပြီးတော့ စစ်ရေးလေ့ကျင့်ခန်းလုပ်နေတဲ့ သူ့သင်တန်းသားတွေကို လှည့်ပတ်ကြည့်ပြီး အော်ဟစ် နေတာဖြစ်ပါတယ်။

သူကတော့ တစ်ချိန်က နိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ နောက်ခံ ခံစစ်မှူး အဖြစ်တာဝန်ယူပြီး နိုင်ငံအတွက်ပေးဆပ်ကစားပေးခဲ့တဲ့သူပါ။ အခုတော့ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးအတွက် အသက်သွေးချွေးများစွာ ပေးဆပ်ပြီး လူမျိုးအတွက် တော်လှန်ရေးအဖွဲ့မှာ တက်တက်ကြွကြွနဲ့ ဦးဆောင်နေတဲ့ တလွန်ဟုပ်ထန် (Tluang Hup Thang)ပဲ ဖြစ်ပါတယ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ကနေ မြန်မာနေရှင်နယ်လိဂ်အသင်းတစ်သင်းဖြစ်တဲ့ ချင်းယူနိုက်တက်အသင်းကို၂၀၁၅ ခုနှစ်မှာ စတင်ရောက်ခဲ့ပြီးနောက် လက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရတာပါ။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာ နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ ရတနာပုံအသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ ၂၀၁၈ ခုနှစ်မှာ ရှမ်းယူနိုက်တက်အသင်းက ခေါ်ယူခြင်းခံရပြီး ၂၀၂၀ မှာမွေးရပ်မြေ ဟားခါးကို ပြန်လည်ရောက်ရှိခဲ့တာပါ။

သူချစ်မြတ်နိုးတဲ့ ဘောလုံးလောကမှာ ကိုးနှစ်ဝန်းကျင်လောက် ကျင်လည်ခဲ့တဲ့သူတစ်ယောက်က စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘောလုံးဆိုတဲ့အသံတောင် မကြားချင်တော့ဘူးလို့လည်း သူကပြောလာပါတယ်။

''အာဏာသိမ်းတာ လက်မှမခံနိုင်တာ ၊ ဘောလုံးဆက်ကစားနေရင်လည်း သူတို့(စကစ)တွေကို အားပေးနေသလိုဖြစ် နေမှာပေါ့။ အားကစားနဲ့ နိုင်ငံရေး ရောယှက်လို့မရဘူးပြောကြပေမယ့်၊ ကျွန်တော်ကတော့ ဒီလိုမထင်ပါဘူး၊ အားကစားနဲ့နိုင်ငံရေး မဆိုင်ဘူးဆိုတာကလည်း အခုဖြစ်နေတဲ့နိုင်ငံရေး၊ စစ်ပွဲတွေက တခြားနိုင်ငံနဲ့ဖြစ်နေတဲ့ စစ်ပွဲမှမဟုတ်တာ ဒါပြည်တွင်းစစ်လေ”ဆိုပြီး ပြောပြပါတယ်။

အာဏာသိမ်းတယ်ဆိုတာကို ဘယ်လိုမှလက်ခံလို့မှမရတဲ့ဟာကို အခုကစားပေးနေရင် သူတို့ကို လက်ခံသလိုဖြစ်သွားပြီလေ တခြားနိုင်ငံကို သွားပြီး လက်ရွေးစင်တွေ ကစားနေကျတာ၊ အဲဒါ ဘာနဲ့တူလဲဆိုရင် ကျွန်တော်တို့နိုင်ငံက ပုံမှန်ဖြစ်နေသလိုဖြစ်နေပြီလေ။ အခုဒီမှာကြည့်ပါ ကျွန်တော်တို့ရွာတွေ အိမ်တွေမီးရှို့ခံနေရပြီလေ။ နေစရာတောင်မရှိတော့ဘူး။ ကျွန်တော့်မိဘတွေလည်း အခုစစ်ဘေးရှောင်နေရတယ်။ တောထဲမှာ နေရတဲ့သူတွေ အများကြီး ။ဒါကိုသူတို့က ဘောလုံးကစားပြီးမှ နေကြတာ ဒီဖြစ်စဉ်ကြီး တစ်ခုလုံးကို မသိချင်ယောင်ဆောင်သလိုဖြစ်နေပြီလေ ။ဒါလက်ခံလို့မှမရတာလို့ ခံစားချက်တချို့ကို ဖွင့်ချလာပါတယ်။

တကယ်တော့ တလွန်ဟုပ်ထန်က ပါတီနိုင်ငံရေးကို စိတ်ဝင်စားတဲ့သူမဟုတ်ဘဲ သူစိတ်ဝင်စားတာ သူမြတ်နိုးတဲ့ ဘောလုံးနဲ့ သူ့လူမျိုးပဲဖြစ်ပါတယ်။

''ကျွန်တော်က အနီလည်းမဟုတ်ပါဘူး။ အစိမ်းလည်းမဟုတ်ပါဘူး။ဒါပေမယ့်ကျွန်တော်က ချင်းလူမျိုး ဖြစ်တဲ့ အခါကျတော့ ချင်းပါတီကိုတော့ ပိုချစ်ရမှာပေါ့နော်။ အဲဒီခံယူချက်နဲ့ ချင်းပါတီအတွက် စည်းရုံးရေး ဆင်းပေးတယ်။ ချင်းပါတီတွေနောက်ကနေလိုက်ပြီး လိုအပ်တာတွေလိုက်လုပ်ပေးတာပေါ့နော်။ ဒါပေမယ့်နောက်ဆုံးတော့လည်း အာဏာသိမ်းသွားတာပါလေ''ဟုလည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူ့ခံစားချက်ကိုရင်ဖွင့် လာတာပါ။

အားကစားသမား တစ်ယောက်ဖြစ်တာရယ်၊လက်ရွေးစင်အသင်းကြီးမှာ ပြည်တွင်းနည်းပြ၊ ပြည်ပနည်းပြများရဲ့သင်ကြားမှုတွေကို သင်ယူခဲ့ရတဲ့သူအတွက် ဒေသခံကာကွယ်ရေးတပ်ထဲ ရောက်တဲ့အခါမှာ များစွာလက်တွေ့ အကျိုးရှိလာတယ်ဆိုတာကိုလည်း ပြောပြလာပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်စနစ်ဆိုတာ မကောင်းမှန်းသိသူဖြစ်တဲ့အတွက် လွတ်မြောက်နယ်မြေဘက်ကို ဝင်လာသူဖြစ်ပါတယ်။ ဒီနယ်မြေကို ရောက်ပြီးတော့ သင်တန်းတွေတက်ပါတော့တယ်။ သင်တန်းပြီးတဲ့နောက်တော့ ကွန်မန်ဒိုတွေအတွက် လိုအပ်တဲ့သင်တန်းတွေကို ပြန်ပေးနေသူလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကွန်မန်ဒိုတွေဖြစ်တဲ့အခါကျတော့ သူတို့ရဲ့ခန္စာကိုယ်က ဘယ်လောက်ထိခံနိုင်ရည်ရှိမလဲ စစ်ကြောင်းထွက်တဲ့အခါ ကြံ့ခိုင်မှုတွေ လေ့ကျင့်ကြတယ်။ ကျွန်တော်တို့ဘက်မှာတော့ ဘာ‌လေ့ကျင့်ရေးမှ ပြည့်ပြည့်စုံစုံမရှိပါဘူး၊ ဒါပေမယ့် မရှိရှိတဲ့ဟာနဲ့ ဖန်တီးပြီးတော့ လေ့ကျင့်ရေးတွေလုပ်ခိုင်းတာ”ဟု ကွန်မန်ဒိုတွေအတွက် သင်တန်းပေးရခြင်းနဲ့ပတ်သက်ပြီး ပြောပြလာပါတယ်။

လိုအပ်တဲ့ လေ့ကျင့်သင်ကြားခြင်းတွေကို စစ်တိုက်မထွက်ခင် လုပ်ရသလို စစ်ကြောင်းကနေပြန်လာရင်လည်း ပြန်လုပ်ရတာဖြစ်ပြီး သူတို့မှာ နားတဲ့အချိန် မရှိတဲ့အကြောင်း ထပ်ဆင့်ပြောပြပါတယ်။

“လက်နက်ကိုင်တွေကို နည်းပြရတာနဲ့ ကစားသမားတွေကို နည်းပြရတာတော့ အတူတူပဲပြောရမယ်။ လက်နက်ကိုင်မှာလည်း အဖွဲ့ငယ်တွေ စုဖွဲ့လှုပ်ရှားရတာတွေရှိတယ်။ ဘောလုံးနဲ့အတူတူပဲ ။Team Workတွေ အခြေခံရတာပဲ တစ်ယောက်တစ်ပေါက်ထွက်ရင် မရဘူးလေ။ အတူတကွလှုပ်ရှားရတာတွေရှိမှလည်း အောင်မြင်မှုများတာပေါ့နော် ။ ဘောလုံးနည်းစနစ်နဲ့ စစ်ရေးနည်းစနစ်မှာ တူတဲ့အရာတွေများပါတယ်” ဟု ကစားသမားဘဝက ရခဲ့တဲ့ နည်းနာတွေက တော်လှန်ရေးအတွက် အသုံးချလို့ရတဲ့အကြောင်း ရှင်းပြပါတယ်။

“သူတို့(စကစ)တွေရဲ့နှစ် ၇၀ကျော်တဲ့ စစ်တပ်ကြီးကို ယှဉ်ဖို့ဆိုတာကတော့ ကြာအုံးမှာပါ၊ အဲဒါကြောင့် ကျွန်တော်တို့ပြည်သူတွေလည်း စိတ်ရှည်ဖို့လိုတယ်၊ ကျွန်တော်တို့ဘက်မှာလည်း ပါဖို့လိုတယ်။ ဘယ်နေရာမဆို တစ်နိုင်ငံလုံး ပါဝင်မှုမရှိဘူးဆိုရင်တော့ နိုင်ဖို့က ကြာဦးမှာပါ။ ကျွန်တော်တို့ပြည်သူတွေလည်း တတ်နိုင်တဲ့ဘက်ကနေ အဖက်ဖက်ကနေ ပါဝင်ကြပါ၊ အားပေးကြပါ၊ ကူညီကြပါ၊ ပါဝင်ကြမယ်ဆိုရင်တော့နိုင်မှာပါ။ အခုကျွန်တော်တို့ ချင်းတွေဆိုရင်လည်း မသိသလိုပုံစံနဲ့ နေတဲ့သူတွေ တော်တော်များတယ်။ လူငယ်တွေအများစုက ပါဝင်မှုနည်းတယ်။ ဒီတော်လှန်ရေးကြီးက ကျွန်တော်တို့ တာဝန်ပဲ၊ ကျွန်တော်တို့မလုပ်ဘူးဆိုရင်ကြာမယ်။ လူငယ်တွေအင်အားကောင်းရင် မနိုင်စရာဘာမှမရှိဘူး၊ ကျွန်တော်တို့ နိုင်မှာပါ။ ဒါကြောင့်ပါဝင်ကြပါ”လို့ တိုက်တွန်းပြောသွားပါတယ်။

“ကျွန်တော်ဆိုရင် အခု ဘောလုံးကစားတာမေ့သွားပြီ၊ ဒီလောက်မကောင်းတဲ့ နိုင်ငံရေးကြီးထဲမှာလည်း၊ ဘောလုံးအကြောင်းမကြားချင်တော့ဘူး၊ အိမ်ပါသွားပြီ။ ထန်တလန်က ကျွန်တော့်အိမ် မီးထဲပါသွားပြီလေ''

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required