ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရေး ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရေး ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

October 17

ယူကရိန်းစစ်ပွဲနှင့် COVID-19 ကပ်ရောဂါတို့က ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီး၏ အကန့်အသတ်များကို လှစ်ဟဖော်ထုတ်ပြသခဲ့ပြီးနောက် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲရန် လိုအပ်မှုက ပိုမို သိသာထင်ရှားလာခဲ့ပြီ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားခဲ့သည်ဟု အောက်တိုဘာ ၁၆ ရက်တွင် ထုတ်ဝေသည့် ၎င်း၏ စာအုပ်သစ်၏ ကောက်နုတ်ချက်တစ်ရပ်အရ သိရသည်။

အထူးသဖြင့် ကုလ လုံခြုံရေးကောင်စီ အပါအဝင် လက်ရှိ ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် “ပဋိပက္ခများ ဖြေရှင်းခြင်းအတွက် ပိုမို မြန်ဆန်သွက်လက်ပြီး ပိုမို ထိရောက်သော နည်းလမ်းများ” ကို အသေအချာ ရှာဖွေနိုင်ရန် လိုအပ်နေကြောင်းကို ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ယူကရိန်းကို ရုရှ ကျူးကျော်မှုက မီးမောင်းထိုးပြသနေကြောင်း အာဂျင်တီးနားနိုင်ငံဖွား ပုပ်ရဟန်းမင်းက ပြောသည်။

“စစ်ကာလထဲမှာ မိမိတို့ဟာ နိုင်ငံစုံဝါဒကို ပိုပြီး လိုသလို ပိုပြီးကောင်းမွန်တဲ့ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို လိုအပ်တယ်ဆိုတာကို အတည်ပြုဖို့ မုချလိုပါတယ်။ ဒါပေမယ့် ယနေ့ ကုလသမဂ္ဂကတော့ တကယ့်လက်တွေ့အခြေအနေသစ်တွေအတွက် သင့်တော်မှု မရှိတော့ဘူး” ဟု ပုပ်ရဟန်းမင်းကြီးက အီတလီသတင်းစာ La Stampa က ဖော်ပြသည့် စာအုပ်ကောက်နုတ်ချက်တစ်ခုတွင် ပြောထားသည်။

ကမ္ဘာတွင် ဖြစ်ပွားခဲ့သည့် ကမ္ဘာစစ်ကြီးနှစ်ခု၏ ကြောက်မက်ဖွယ်ရာ အနိဋ္ဌာရုံများ ထပ်မံ မဖြစ်ပေါ်စေရေး တားဆီးရန် ကုလအဖွဲ့အစည်းကို တည်ထောင်ခဲ့သော်လည်း အဆိုပါ ပဋိပက္ခများက ပုံဖော်သည့် ခြိမ်းခြောက်မှုက ဆက်ရှိနေဆဲ ဖြစ်ချိန် ယနေ့ ကမ္ဘာသည် ယခင်နှင့် မတူတော့ကြောင်း ဖရန်စစ်က ပြောသည်။

“ကပ်ရောဂါကာလနောက်ပိုင်းမှာ ဒီလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုတာက ပိုပြီး ပေါ်လွင်ထင်ရှားလာပါတယ်။ ကပ်ရောဂါ ကာလအချိန်မှာဆိုရင် လက်ရှိ ဘက်ပေါင်းစုံ စနစ်က သူ့ရဲ့ အကန့်အသတ်တွေ အားလုံးကို ပြသနေခဲ့တယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။

ထို့ပြင် ကာကွယ်ဆေး ဖြန့်ဝေမှုအပိုင်းတွင် သာတူညီမျှမှု မရှိခြင်းသည် အင်အားအကောင်းဆုံး ဥပဒေက စည်းလုံးညီညွတ်မှုအပေါ် လွှမ်းမိုးလျက်ရှိသည် ဆိုသည့် “သိသာထင်ရှားသော ဥပမာ” ဖြစ်ကြောင်း ဖရန်စစ်က ဝေဖန်ရှုတ်ချခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required