ယူကရိန်းစစ်ကြောင့် ကလေးငယ် ၄ သန်း ဆင်းရဲနွမ်းပါးမှု ရင်ဆိုင်နေရဟု ကုလသမဂ္ဂ ပြော 

ယူကရိန်းစစ်ကြောင့် ကလေးငယ် ၄ သန်း ဆင်းရဲနွမ်းပါးမှု ရင်ဆိုင်နေရဟု ကုလသမဂ္ဂ ပြော 
Photo - EPA

October 17

ယူကရိန်းကို ရုရှ၏ ကျူးကျော်စစ်နှင့် ရလဒ်ထွက်ပေါ်သော စီးပွားရေး ကျဆင်းမှုတို့အားဖြင့် ဥရောပနှင့် အလယ်အာရှအနှံ့တွင် ကလေးငယ် လေးသန်းကျော် ဆင်းရဲနွမ်းပါးမှု ကြုံရကြောင်း ကုလသမဂ္ဂ ကလေးငယ်များ အေဂျင်စီက တနင်္လာနေ့တွင် ပြောသည်။ 

“ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ရတဲ့ စီးပွားရေး အကျပ်အတည်းရဲ့ အလေးလံဆုံး ဝန်ထုပ်ဝန်ပိုးဟာ ကလေးငယ်တွေအပေါ် ဖိစီးနေတယ်”ဟု ယူနီဆက်ဖ်က ပြောသည်။ 

ပဋိပက္ခနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများသည် ဥရောပအရှေ့ပိုင်းနှင့် အလယ်အာရှအနှံ့က ကလေးငယ် ထပ်တိုး လေးသန်းကို ဆင်းရဲနွမ်းပါးမှုဆီ တွန်းပို့နေပြီး ယင်းသည် ၂၀၂၁ မှစတင်ကာ ၁၉ ရာခိုင်နှုန်း တိုးမြင့်ခြင်းဖြစ်ကြောင်း ယူနီဆက်ဖ်က ဆိုသည်။ 

ယူနီဆက်ဖ်အနေဖြင့် နိုင်ငံ ၂၂ နိုင်ငံမှ အချက်အလက်များကို သုတေသနပြုကာ ယခုကဲ့သို့ ကောက်ချက်ချ ပြောဆိုခြင်းပဲ ဖြစ်သည်။ 

အိမ်နီးချင်း ယူကရိန်းကို ဖေဖော်ဝါရီလအတွင်း ရုရှ တိုက်ခိုက်ချိန်မှစပြီး ရုရှနှင့် ယူကရိန်း ကလေးငယ်များသည် အများဆုံး သက်ရောက်ခံနေရသည်။ 

“ယူကရိန်းစစ်နဲ့ ဒေသတွင်း နေထိုင်မှုစရိတ် မြင့်မားခြင်းတွေကြောင့် ဆင်းရဲမွဲတေမှုဆီ သက်ဆင်းရတဲ့ ကလေးငယ် ဦးရေမှာ ရုရှက လေးပုံသုံးပုံ နီးပါး ရှိပြီး ကလေးငယ် ၂ ဒသမ ၈ သန်းဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက် နေထိုင်နေရတယ်”ဟု ယူနီဆက်ဖ်က တွေ့ရှိသည်။ 

အနောက်အုပ်စု၏ ဒဏ်ခတ်ပိတ်ဆို့မှုများက ရုရှစီးပွားရေးအပေါ် ထိုးနှက်ပြီး နိုင်ငံ၏ လူဦးရေ များပြားခြင်းအားဖြင့်လည်း ထပ်တိုးဖိအားများ သက်ရောက်ခံနေရသည်။ 

“ယူကရိန်းမှာတော့ ဆင်းရဲနွမ်းပါးမှုမှာ နေထိုင်ရတဲ့ ကလေးငယ်ပေါင်းဟာ သန်းဝက်လောက်ရှိပြီး စုစုပေါင်း ပမာဏမှာ ဒုတိယအများဆုံး ဖြစ်နေတယ်”ဟု ယူနီဆက်ဖ်က ဖြည့်စွက်ပြောသည်။ 

ရိုမေးနီးယားနိုင်ငံက နောက်ပါးက နီးကပ်စွာ လိုက်နေပြီး ကလေးငယ် ၁၁၀,၀၀၀ က ဆင်းရဲမှု၌ နေထိုင်နေရသည်။ 

“ဒေသတခွင်က ကလေးငယ်တွေဟာ စစ်ပွဲရဲ့ ကြောက်မက်ဖွယ် ဘေးဒဏ်ထဲမှာ ရောက်ရှိနေတာပဲ”ဟု ယူနီဆက်ဖ်၏ ဥရောပနှင့် အလယ်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အာဖရှန် ခန်းက ပြောသည်။ 

“ဒီကလေးငယ်တွေနဲ့ မိသားစုတွေကို ကျွန်တော်တို့တွေ မထောက်ပံ့ဘူးဆိုရင် ဆင်းရဲနွမ်းပါးမှုအောက်က ကလေးငယ်တွေဟာ အသက် ဆုံးရှုံးရတာတွေ၊ ပညာသင်ယူမှု ဆုံးရှုံးတာတွေနဲ့ အနာဂတ်ပျောက်တာတွေ ရလဒ် ထွက်ပေါ်လာပါလိမ့်မယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly