တရားဝင်လုပ်ငန်းလိုင်စင်မရှိသည့် နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်သည့် လုပ်ငန်းများကို ဗဟိုဘဏ် တရားစွဲဆိုထား

တရားဝင်လုပ်ငန်းလိုင်စင်မရှိသည့် နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်သည့် လုပ်ငန်းများကို ဗဟိုဘဏ် တရားစွဲဆိုထား

မဇ္ဈိမ ။ ။ တရားဝင်နိုင်ငံခြားသုံးငွေ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေရောင်းဝယ်လဲလှယ်သည့် လုပ်ငန်းနှစ်ခုအား စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေဖြင့်တရားစွဲဆိုထားကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးထားခြင်းမရှိဘဲ လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံခြားငွေရောင်းချ၊ ဝယ်ယူ၊ လဲလှယ်နေသည့် Perfect Money နှင့် B to P Money exchange တို့အား တရားစွဲဆိုထားကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ အား ဖောက်ဖျက်ကျူးလွန်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ဖော်ပြထားသည်။

"ဘယ်ဈေးကွက်မှာမဆို မှောင်ခိုဈေးကွက်၊ လေပတ်ကားဈေးကွက်ဆိုတာ ရှိတယ်။ တစ်ခုချင်းစီကို လိုက်ပြီးအရေးယူမယ်ဆိုရင် ပြီးမှာ မဟုတ်ဘူး။ အခုက social media ခေတ်ဖြစ်တဲ့အတွက် group တွေမှာလည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်လုပ်ကြတယ်။ စကစ(စစ်ကောင်စီ)ဘက်က အားလုံးကိုထိန်းချုပ်ချင်တာဖြစ်တဲ့အတွက် face to face ရောင်းဝယ်တာမျိုးတွေမှာလည်း သတိထားဖို့လိုတယ်" ဟု စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Black Market Rate ၊ USD Exchange Rate ၊ Gold and Forex Trading ၊ Gold and Dollar Market Dollar Buyer Seller ဒေါ်လာရောင်းဝယ်သူများဆုံစည်းရာ၊ Dollar Palace ၊ Dollar ရောင်းမယ်ဝယ်မယ်တိုက်ရိုက်၊ ရွှေဈေးဒေါ်လာဈေးတိုက်ရိုက်(Gold & Dollar Market)၊ ဒေါ်လာပေါက်ဈေး update ၊ YGN MDY ကြိုက်ရောင်းကြိုက်ဝယ်၊ ယူရိုဒေါ်လာရောင်းဝယ်ပို့ ဆောင်သူများဆုံဆည်းရာ၊ Euro Dollar Trading ၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက်၊ USD Exchange ၊ ဒေါ်လာစားများနှင့် နိုင်ငံခြားငွေလိုသူများဝယ်ရောင်းရန်၊ ဒေါ်လာရောင်းသူဝယ်သူ တိုက်ရိုက် (Dollar Buyer Seller)၊ $ ဒေါ်လာ $ ရောင်း $ ဝယ် တိုက်ရိုက်($=><=Ks)၊ ဒေါ်လာ dollar ရောင်းသူဝယ်သူတိုက်ရိုက်(ကြိုက်ရောင်းကြိုက်ဝယ်)၊ နိုင်ငံတကာငွေကြေးဈေးနှုန်းများနှင့်ဒေါ်လာ ကြိုက်ရောင်းကြိုက်ဝယ်၊ မြန်မာ့ရွှေ ကမ္ဘာ့ရွှေတို့ကိုလည်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ အားဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရ၍ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ အရ ဗဟိုဘဏ်က တရားစွဲဆိုနိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသေးသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required