PWDF ၏ တပ်ဖွဲ့ဝင်အချို့ လုံခြုံရေးအခြေအနေအရ ချိတ်ဆက်မှုများရပ်ထားကြရန် သတိပေး

PWDF ၏ တပ်ဖွဲ့ဝင်အချို့ လုံခြုံရေးအခြေအနေအရ ချိတ်ဆက်မှုများရပ်ထားကြရန် သတိပေး

မဇ္စျိမ။ ။ဧရာဝတီတိုင်းအတွင်း မြို့နယ်များတွင် လှုပ်ရှားနေသည့် ပုသိမ်အနောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PWDF)၏တပ်ဖွဲ့ဝင်အချို့ လုံခြုံရေးပြဿနာရှိနေသည့်အတွက် ချိတ်ဆက်မှုများ ရပ်ထားကြရန် PWDF ၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့၊ ညပိုင်းက အရေးပေါ်ကြေညာချက်အနေဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“PWDF ရဲ့ အဖွဲ့ဝင်တချို့ လုံခြုံရေး စိတ်ချရတဲ့အနေအထားမရှိတဲ့အတွက် ဆက်သွယ်တာတွေဖြတ်ပြီး အကုန်လုံး ရှောင်ကြပါ။ PWDF ရဲ့ Facebook Page ကတော့ လုံခြုံတဲ့နေရာမှာရှိပါတယ်” ဟု PWDF နှင့် နီးစပ်သူတစ်ဦးကဆိုသည်။

ယင်းအပြင် အောက်တိုဘာလ ၁၄ ရက်နေ့ ညပိုင်းမှ စတင်ကာ PWDF အဖွဲ့ဝင်တချို့နှင့် ပတ်သက်သည် ဟု စွပ်စွဲဖမ်းဆီးမှုအများအပြားကို စစ်ကောင်စီတပ်များနှင့် ရဲများက ပြုလုပ်နေကြောင်း ပုသိမ်ဒေသခံများ ၏ ပြောပြချက်အရသိရသည်။

ပုသိမ်မြို့ပေါ်ရပ်ကွက်များအပြင် ပုသိမ်မြို့တဖက်ကမ်းတွင်လည်း မတရားစွပ်စွဲဖမ်းဆီးခံနေကြရသည်ဟု ဒေသခံကဆိုသည်။

အဆိုပါဖြစ်စဥ်များနှင့် ပတ်သတ်၍ ပုသိမ်အနောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PWDF) အား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Pathein Western Defence Force၏ လူမှုကွန်ရက်စာမျက်နှာတွင်မူ "စိတ်ချရသောအခြေအနေ ရောက် သည်နှင့် ကျွန်တော်တို့ Page မှ ပြန်လည်အကြောင်းကြားတင်ပြသွားမည် ဖြစ်ပါသည်။ ယခုဖြစ်ရပ်နှင့် ပတ်သက်၍ PWDF တပ်ဖွဲ့အနေဖြင့်တော်လှန်ရေးကို လက်လျှော့သွားတာမျိုး မဟုတ်ဘဲ၊ အရှုံးမပေးတမ်း ဆက်လက် တိုက်ပွဲဝင်သွားပါမည်"ဟု ဖော်ပြထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required