အင်္ဂပူမြို့နယ် အထက်တန်းကျောင်း မီးလောင်မှုဖြစ်ပွား

အင်္ဂပူမြို့နယ် အထက်တန်းကျောင်း မီးလောင်မှုဖြစ်ပွား

မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ဟင်္သာမြို့နယ်၊ အင်္ဂပူမြို့ ရှိ အထက်တန်းကျောင်းတွင် ယနေ့ အောက်တိုဘာလ ၁၆ ရက် နံနက် ၂ နာရီအချိန်ခန့်က ​မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်၏ နေရာအနှံ့အပြားမှ တစ်ပြိုင်နက်တည်း မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည့်အတွက် ရှို့မီးဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဝါယာရှော့ဖြစ်တာတို့ ၊အပူလွန်ကဲတာတို့ဆိုရင် တစ်နေရာတည်းက မီးစလောင်ရမှာလေ။ အခုက နေရာအများကြီးက စလောင်တာဆိုတော့ မီးသတ်တွေရောက်လာတာတောင်၊တော်တော် မီးငြိမ်းယူရတယ်။ ၃နာရီခွဲလောက်မှ မီးငြိမ်းသွားတယ်"ဟု ဒေသခံက ဆိုသည်။

ဟင်္သာတခရိုင်အတွင်းရှိ မီးသတ်ကား ၁၀ စီးကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့သော်လည်း ကျောင်းဆောင်အများအပြား မီးလောင်ကျွမ်းပြီးချိန်မှသာ မီးငြှိမ်းခဲ့ကြောင်း ၎င်းကဆိုသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ ဧရာဝတီတိုင်း မီးသတ်ဦးစီးရုံးမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ စာသင်ခန်းအတွင်းရှိ ဟောင်းနွမ်းနေသော ဝါယာကြိုးများပူး၍ မီးပလတ်ခုံ အပူလွန်ကဲပြီး အောက်တွင်ရှိသော စာအုပ်ပုံများသို့ မီးကူးကာ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မဇ္စျိမကို ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ကျောင်းတွင်းရှိ စာသင်ခန်းများ အပါအဝင် အခန်း ၂၄ ခန်း၊ စာသင်ခုံတစ်ထောင်ကျော်ခန့် မီးလောင်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၄၉,၁၀၀,၀၀၀( ကျပ်သိန်းပေါင်းလေးရာကိုးဆယ့်တစ်သိန်း) ရှိသည်ဟု ၎င်းကပြောသည်။

လက်ရှိတွင် မီးလောင်မှုနှင့်ပတ်သက်၍ အဆိုပါ အထက် တန်းကျောင်းရှိ ကျောင်းစောင့် ဦးထွန်းဝေလင်းအား ပုဒ်မများတပ်ကာ အမှုဖွင့်အရေးယူရန် အင်္ဂပူမြို့ရဲစခန်းရှိ ရဲများက ဆောင်ရွက်နေကြကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly