ကန်ပက်လက်မြို့နယ်၌ စစ်ကောင်စီရဟတ် ယာဉ်၂ စီး ပစ်ခတ်ခံရ၊ ဆီတိုင်ကီပေါက်ပြီး ပန်ကာကျိုး

ကန်ပက်လက်မြို့နယ်၌ စစ်ကောင်စီရဟတ် ယာဉ်၂ စီး ပစ်ခတ်ခံရ၊ ဆီတိုင်ကီပေါက်ပြီး ပန်ကာကျိုး

မဇ်ဈိမ။ ။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၌ အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စီးကို ပစ်ခတ်တိုက်ခိုက်လိုက်ရာ ဆီတိုင်ကီပေါက်ပြီး ပန်ကာတစ်ချောင်းကျိုးသွားခဲ့ကြောင်း CDF-ကန်ပက်လက်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ ပို့ဆောင်ရေးရဟတ်ယာဉ် နှစ်စီးအား အမြင့်တစ်နေရာမှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပထမတစ်ကြိမ်လူလာချတော့ လာတဲ့လမ်းကြောင်းကြည့်ပြီး ဒီတိုင်းလွှတ်ပေးလိုက်တာ။ ဒုတိယအကြိမ်လာတော့မှ နေရာသေချာ ကြည့်ပြီးသားဆိုတော့ အနိမ့်ပျံတဲ့အချိန် ပစ်လိုက်တာပါ။ တောင်ပေါ်ဒေသဆိုတော့ အရမ်းကြီးမြင့်အောင်လည်းမပျံဘူး။ အရင်ကလည်း တစ်ခါမှ အဲ့လိုပစ်ခတ်တာမရှိဘူးတော့ ပုံမှန်အခြေအနေမျိုး ထင်ပြီး နိမ့်နိမ့်ပဲ ပျံလာတာ” ဟု CDF- ကန်ပက်လက်မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပို့ဆောင်ရေးရဟတ်ယာဉ်နှစ်စီးအနက် တစ်စီးမှာ ဆီတိုင်ကီ ပေါက်သွားသည့်အပြင် ပန်ကာတစ်ချောင်းကျိုးသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရှိမှု ရှိ၊ မရှိကိုစုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းကဆက်‌ပြောသည်။

“အပစ်ခံရတဲ့ အစီးက ပျက်ကျတာမျိုးတော့မရှိဘူးဗျ။ ဆက်ပြီးတော့ပျံသွားတာ။ ထိခိုက်မှုကတော့ ကျနော်တို့ ဆက်သွယ်နေဆဲဖြစ်ပါတယ်” ဟု ၎င်းက ဆက်ရှင်းပြသည်။

ယင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကန်ပက်လက်မြို့ပတ်လည်ကို စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကန်ပက်လက်မြို့နယ် ကျင်ဒွေး တပ်စခန်းသို့ အောက်တိုဘာ ၁၅ ရက်‌နေ့တွင် ရဟတ်ယာဉ်နှစ်စီးဖြင့် အင်အား ၃၀ ကျော်ဖြည့်တင်းထားကြောင်း သိရသည်။

လက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်မှ ကန်ပက်လက်မြို့နယ်အတွင်း စစ်အင်အားများကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေပြီး အင်အားသုံး စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်ပါသဖြင့် ပြည်သူများအသွားအလာ ဂရုစိုက်ကြရန် CDF- ကန်ပက်လက်က အသိပေးထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

ပုံအဟောင်း

(ဟားခါးမှာ မတ်လ ၂၉ရက်က စစ်ရဟတ်ယာဉ်ပျက်ကျပုံ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required