ပါကစ္စတန် ဘာလိုချီစတန်တွင် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ပေးဝေစဉ် တိုးဝှေ့မှုကြောင့် လူများသေဆုံး ဖြစ်ပေါ်

ပါကစ္စတန် ဘာလိုချီစတန်တွင် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ပေးဝေစဉ် တိုးဝှေ့မှုကြောင့် လူများသေဆုံး ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် ဂျက်ဖာရာဘတ်ခရိုင်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခုက အောက်တိုဘာ ၆ ရက်တွင် ရေဘေးအတွက် ကယ်ဆယ်ရေး ရိက္ခာအကူအညီပစ္စည်းများ ဝေငှခဲ့ရာတွင် လူအုပ်ပြိုမှုဖြစ်ပြီးနောက် ရဲများက လူအုပ်ကို ပစ်ခတ်ပြီး လူစုခွဲခဲ့ရာ ရေဘေးသင့်ပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။

ရေဘေးသင့်မိသားစုများကို NGO အဖွဲ့တစ်ဖွဲ့က ကယ်ဆယ်ရေးပစ္စည်းများ ပေးဝေရန် ဆုံးဖြတ်ခဲ့ရာတွင် လူအမြောက်အမြား စုဝေးရောက်ရှိလာပြီး တစ်ဦးနှင့်တစ်ဦး တွန်းထိုးကြရင်း ကယ်ဆယ်ရေးပစ္စည်းများကို

လုယူကြရာမှ လူအုပ်ပြိုမှု ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းမီဒီယာများကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

ထို့နောက် လူအုပ်ကို လူစုခွဲရန် ရဲက ပစ်ခတ်ခဲ့ရာ ရေဘေးသင့်ပြည်သူတစ်ဦးကို ထိမှန်သွားခဲ့သည်။ ၎င်းသည် ဒဏ်ရာအပြင်းအထန်ရပြီး နောက်ပိုင်းတွင် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။

သေဆုံးသူသည် ဂျက်ဖာရာဘတ်ခရိုင်ရှိ ကျွဲနွားခြံဧရိယာမှ အသက် ၂၄ နှစ်ရှိ နိုရက်ဇ် အာမက်ဒ် မက်စ်တိုအီ ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။ ကျွဲနွားခြံဧရိယာရှိ ရဲစခန်း စခန်းမှူး၏ အမိန့်အရ ရဲတစ်ဦးက တိုက်ရိုက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူကို ပထမသတင်းပေးတိုင်ကြားချက် (FIR) တစ်ရပ် ဖွင့်လှစ်ထားကြောင်း သေဆုံးသူ၏ မိသားစုက ပြောသည်။

“သေဆုံးသူရဲ့ မိသားစုရဲ့ တိုင်ကြားချက်အရ သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်ချက်ဖွင့်ထားပါတယ်” ဟု ဂျက်ဖာရာဘတ်ခရိုင် ရဲဌာန အကြီးတန်းရဲမှူး ဂျာဝက် တာရစ်က ပြောကြားပြီး လူသေဆုံးမှုကို အတည်ပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly