ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို နေအိမ်အကျယ်ချုပ်ထားမည့် အစီအစဉ် အစိုးရ အသင့်ပြင်ထား

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို နေအိမ်အကျယ်ချုပ်ထားမည့် အစီအစဉ် အစိုးရ အသင့်ပြင်ထား

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလမ်မာဘတ်သို့ ခရီးဝေးချီတက်မည့် အစီအစဉ်ကို ကြေညာထားသည့် ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို ဘာနီဂါလာအရပ်ရှိ ၎င်း၏ နေအိမ်တွင် အကျယ်ချုပ်ထားရေး ရဲတပ်ဖွဲ့ကို လုပ်ပိုင်ခွင့် ပေးထားသည့် အစီအစဉ်တစ်ရပ်ကို လက်ရှိ အာဏာရအစိုးရက ပြင်ဆင်ထားကြောင်း ရဲသတင်းရင်းမြစ်များက Dawn သတင်းစာကို ပြောသည်။

ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ ဥက္ကဋ္ဌကို ပြည်သူများနှင့် ဆိုင်သည့် စည်းကမ်း ထိန်းသိမ်းရေး ဥပဒေဖြင့် ဖမ်းဆီးထိန်းသိမ်းသွားလိမ့်မည် ဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော လက်ရှိ ပါကစ္စတန် ညွန့်ပေါင်းအစိုးရကို ဖြုတ်ချရန် ရည်ရွယ်သည့် ပွဲသိမ်း ခရီးဝေးချီတက်မှုတစ်ခုအတွက် အသင့်ပြင်ထားကြရန် PTI အကြီးအကဲက ၎င်း၏ ပါတီဝင်များကို တိုက်တွန်းထားသည်။

များမကြာမီကလည်း ခရိုင်တချို့ရှိ PTI ပါတီ ထောက်ခံသူများနှင့် ခေါင်းဆောင်များက ‘စစ်မှန်သော လွတ်လပ်မှုဆိုင်ရာ ချီတက်ခြင်း” အတွက် စွန့်လွှတ်အနစ်နာခံသွားမည် ဖြစ်ကြောင်း ကတိသစ္စာပြုထားခဲ့သည်။

PTI ပါတီဥက္ကဋ္ဌက ၎င်းတို့ပါတီ၏ ချီတက်မှုကို ခိုင်ဘာ ပက်ခ်တွန်ခဝါ သို့မဟုတ် ပန်ဂျပ်ပြည်နယ်မှ စတင်ခဲ့ပါက မြို့တော် အစ္စလမ်မာဘတ်သို့ မဝင်မီ PTI ပါတီ ဥက္ကဋ္ဌကို ဖမ်းဆီးရန် “အရန်အစီအစဉ်” တစ်ရပ်ကို အစိုးရက ပြင်ဆင်ထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required