ဩဂဲနစ်မြေဩဇာတင်ပို့မှုပြဿနာက တရုတ်နှင့်သီရိလင်္ကာအကြား ဆက်ဆံရေးကို ထိခိုက်စေ

ဩဂဲနစ်မြေဩဇာတင်ပို့မှုပြဿနာက တရုတ်နှင့်သီရိလင်္ကာအကြား ဆက်ဆံရေးကို ထိခိုက်စေ

တရုတ်ကုမ္ပဏီသည် သီရိလင်္ကာထံမှ ငွေကြေးယူကာ မြေဩဇာမပို့ပေးဘဲ လှည့်ဖြားခဲ့ပြီးနောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးသည် တင်းမာလာကြောင်း Colombo Gazetteသတင်းဌာနက ဖော်ပြသည်။

တရုတ်သည် သီရိလင်္ကာထံမှ ခွင့်ပြုချက်မရယူဘဲ ဩဂဲနစ်မြေဩဇာပို့လိုက်ချိန်တွင် ပြဿနာ စတင်ခဲ့ပြီး နောက်ပိုင်း၌ ၎င်းမြေဩဇာများတွင် အာဝီနီးယား ကဲ့သို့သော အန္တရာယ်ဖြစ်စေသည့်ရောဂါပိုးများ တွေ့ရှိခဲ့သည်။

သီရိလင်္ကာအစိုးရက ပို့ကုန်တွင် အန္တရာယ်ဖြစ်စေသော ဘက်တီးရီးယားများ ပါဝင်သဖြင့် တရုတ်ကုမ္ပဏီ Qingdao SeawinBiotec Group Co Ltdထံမှ ဩဂဲနစ်မြေဩဇာမှာယူမှုကို ငြင်းပယ်ခဲ့သော်လည်း တရုတ်က ဩဂဲနစ်မြေဩဇာစီမံကိန်းဆက်လုပ်ရန် သီရိလင်္ကာကို ဖိအားပေးခဲ့သည်။

နောက်ဆုံးအခြေအနေအရ သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီးက အဆိုပါကိစ္စအား စုံစမ်းစစ်ဆေးရန်နှင့် Qingdao SeawinBiotec Group Co Ltd ၏ တစ်ဖက်သက် ဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန် တရုတ်သံအမတ်အား ချဉ်းကပ်ရေး ကက်ဘိနက်ကို အဆိုပြုခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ စိုက်ပျိုးရေးဝန်ကြီးသည် သံတမန်ရေးရာပြဿနာကို ဖြေရှင်းရေးအတွက် သင့်လျော်သော အဆင့်များဆောင်ရွက်ရန် လိုအပ်သောအကြံပြုချက်များကို တင်ပြမည့် ဝန်ကြီးအဆင့်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန်လည်း တောင်းဆိုခဲ့ကြောင်း Colombo Gazette က ဖော်ပြခဲ့သည်။

တရုတ်၏ ဩဂဲနစ်မြေဩဇာများတွင်အာဝီနီးယား ရောဂါပိုးများ တွေ့ရှိရသောကြောင့် စိုက်ပျိုးရေးဆိုင်ရာ ဘေးဥပဒ်ဖြစ်စေနိုင်ကြောင်း သီရိလင်္ကာ သိပ္ပံပညာရှင်များက သတိပေးခဲ့သည်။ ဤနာမည်ဆိုးဖြင့် ကျော်ကြားသော အပင်ရောဂါပိုးသည် ရိတ်သိမ်းချိန်အလွန်၌ သီးနှံများ ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေသည်။

သီရိလင်္ကာက ပို့ကုန်များကို လက်မခံသဖြင့် မြေဩဇာများသည် သီရိလင်္ကာတွင် ၃ လနီးပါး သောင်တင်ခဲ့ပြီးနောက် မြေဩဇာများတင်သင်္ဘောသည် တရုတ်သို့ ပြန်သွားခဲ့သည်။ ဤဖြစ်ရပ်ပြီး နောက် တရုတ်က ပေးချေမှုဆိုင်ရာသဘောတူညီချက်ကို မလိုက်နာသည့်အတွက်ဟုဆိုကာ သီရိလင်္ကာဘဏ်ကို အမည်ပျက်စာရင်းသွင်းခဲ့သည်။ ပြဿနာသည် တရားရုံးအထိရောက်ရှိသွားပြီး သီရိလင်္ကာဘဏ်က တရုတ်မြေဩဇာကုမ္ပဏီကို ပထမတစ်သုတ်ဩဂဲနစ်မြေဩဇာများအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံ ပေးလိုက်ရသည်။

တရုတ်ကုမ္ပဏီသည် ယနေ့အချိန်ထိ မြေဩဇာမပို့ပေးသေးသလို သီရိလင်္ကာကလည်း ဩဂဲနစ်မြေဩဇာမရှိပါက ဓာတ်မြေဩဇာများပို့ပေးရန် တောင်းဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required