ပါကစ္စတန်တွင် ဟိန္ဒူအမျိုးသမီးတစ်ဦး၏ ရုပ်ကြွင်းအား မလေးမစား ပြုမူခံရမှုကြောင့် ဟိန္ဒူအသိုင်းအဝိုင်း ကန့်ကွက်

By The Print
12 October 2022
ပါကစ္စတန်တွင် ဟိန္ဒူအမျိုးသမီးတစ်ဦး၏ ရုပ်ကြွင်းအား မလေးမစား ပြုမူခံရမှုကြောင့် ဟိန္ဒူအသိုင်းအဝိုင်း ကန့်ကွက်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် မီးသင်္ဂြိုလ်ရုံတစ်ခု၌ မီးသင်္ဂြိုလ်ခဲ့သည့် ဟိန္ဒူဘာသာဝင်အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်း အကြွင်းအကျန်များ မလေးမစား ပြုမူခံရမှုအပေါ် ဆန့်ကျင်လျက် ဟိန္ဒူအသိုင်းအဝိုင်းက ပြည်နယ်ရှိ လမ်းများကို ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် ပြည်နယ်၏ ကဲလတ်မြို့ လမ်းများပေါ် ချီတက်ခဲ့ကြပြီး ဒေသအာဏာပိုင်များကို ဆန့်ကျင်သော ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပြည်နယ်ရှိ ဟိန္ဒူဘာသာဝင် ကုန်သည်များကလည်း ၎င်းတို့၏ ဈေးဆိုင်အားလုံးကို ပိတ်ပြီး ဆန္ဒပြချီတက်မှုတွင် ပူးပေါင်းပါဝင်ရန် ရှာဟီ ဈေးဧရိယာတွင် စုဝေးခဲ့ကြသည်။

ဟိန္ဒူဘာသာဝင် အမျိုးသမီးတစ်ဦးသည် မကြာသေးခင်က သေဆုံးခဲ့သည့်အတွက် ၎င်း၏ ဆွေမျိုးများက မီးသင်္ဂြိုလ်ရုံတွင် သူမ၏ အလောင်းကို မီးသင်္ဂြိုလ်ခဲ့ကြောင်း ဟိန္ဒူအသိုင်းအဝိုင်းဝင်တစ်ဦးက ပြောသည်။

“မီးသင်္ဂြိုလ်ခဲ့တဲ့ သူ့အလောင်းရဲ့ အကြွင်းအကျန်တွေက မီးသင်္ဂြိုလ်တဲ့ နေရာမှာပဲ ဆက်ရှိနေခဲ့တာပါ။ မနေ့ညက ဘယ်သူဘယ်ဝါ မသိရတဲ့ လူတွေက အဲဒါကို မီးရှို့ပစ်ခဲ့ကြတယ်။ မီးသင်္ဂြိုလ်ရုံကို သွားကြည့်တော့

အလောင်းအကြွင်းအကျန်တွေက လွှင့်ပစ်ခံထားရပြီး မလေးမစား ပြုမူခံထားရတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

မီးသင်္ဂြိုလ်ရုံ၏ ဝင်းတံခါးကလည်း အစောပိုင်းက အခိုးခံထားရကြောင်းနှင့် ယခုကိစ္စနှင့်စပ်လျဉ်းပြီး ခရိုင်အာဏာပိုင်များထံ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်း မရှိခဲ့ဟု ၎င်းက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly