၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု စစ်ခေါင်းဆောင် ထုတ်ပြောလာ

၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဟု စစ်ခေါင်းဆောင် ထုတ်ပြောလာ

အောက်တိုဘာလ ၁၅ ရက်

စစ်တပ်က စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

“တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် လိုလားချက်တွေထဲက ဖြစ်နိုင်တာ ဖြစ်သင့်တာတွေကို အကောင်အထည်ဖော်နိုင်ဖို့ အချို့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဖွဲ့စည်းပုံတွေကို ပြင်သင့်တာတွေ ပြင်ရပါလိမ့်မယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ်(NCA) ချုပ်ဆိုခြင်း ခုနစ်နှစ်မြောက် နှစ်ပတ်လည်နေ့၌ ပြောကြားသော မိန့်ခွန်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် အချိုးကျကိုယ်စားပြု (PR) စနစ်ဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြောဆိုထားသည်။

ယင်းနောက် တိုင်းရင်းသားများ၏ ဆန္ဒနှင့် လိုလားချက်များကို ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံရေးစင်မြင့်ဖြစ်သည့် လွှတ်တော်ထဲကို နိုင်ငံရေးကိုယ်စားလှယ်များ စုံစုံညီညီ ရောက်ရှိလာရန် လိုအပ်သကဲ့သို့ လွှတ်တော်များကို သီးခြားဥပဒေပြုခွင့်များ ပေးသင့်ကြောင်းလည်း စစ်ခေါင်းဆောင်က မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်နိုင်ဖို့ တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရပါလိမ့်မယ်”ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောခဲ့သည်။

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီသည် အင်အားကြီးတိုင်းရင်းသားတပ်ဖွဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

အပစ်ရပ် NCA မထိုးရသေးသော UWSA ကဲ့သို့ အင်အားကြီး အဖွဲ့အစည်းများ၏ တောင်းဆိုချက်များကို လိုက်လျောနိုင်ရန် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရမည်ဆိုသည့်သဘော စစ်ခေါင်းဆောင်ဘက်က ထုတ်ပြောလာခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက မဇ္ဈိမကို ပြောသည်။

“အထူးသဖြင့် NCA ထဲ မပါဝင်တဲ့ UWSA လို အဖွဲ့အစည်းမျိုးတွေ အဲ့အဖွဲ့အစည်းတွေဆိုရင် NCA လမ်းကြောင်းအတိုင်း လျှောက်တာမဟုတ်ဘူး။ သူတို့က ဒီမှာ လွတ်လွတ်လပ်လပ် ပြောဆိုတင်ပြနိုင်မယ်ဆိုလို့ သူတို့ဖြစ်ချင်တဲ့ ပုံစံကို တင်ပြပြောဆိုခဲ့ကြတာ တွေ့ရတယ်။ အဲမှာ တပ်အနေနဲ့လည်း သဘောမတူစရာ အကြောင်း မရှိဘူးပေါ့၊ အဲဒီတောင်းဆိုချက်တွေကို လိုက်လျောဖို့ဆိုရင် အခြေခံဥပဒေပြင်ရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့အတိုင်းပဲ သွားကြမယ်ဆိုပြီးတော့ အသိပေးတဲ့သဘောပါ” ဟု ဦးရဲထွန်းက ပြောသည်။

သို့သော်လည်း ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက ရွေးကောက်ပွဲကျင်းပပြီး လွှတ်တော်များ ပေါ်လာသည့်အချိန်မှသာ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ထို့ပြင် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျပ်အတည်းများဖြင့် ထွက်ပေါက်ပိတ်နေချိန် ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခဲ့သော ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင် အမျိုးသားညီလာခံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ် ဇွန်လ ၈ ရက်နေ့၌ သွားရောက်ကြည့်ရှုခဲ့သေးသည်။

တစ်ဘက်တွင်လည်း စစ်အာဏာရှင် ကြီးစိုးရေးကို အသက်သွင်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ကြေညာထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly