ယူကရိန်းအား စစ်ရေးအကူအညီ ဒေါ်လာ ၇၂၅ သန်းဖိုး ပေးမည်ဟု အမေရိကန် ကြေညာ 

ယူကရိန်းအား စစ်ရေးအကူအညီ ဒေါ်လာ ၇၂၅ သန်းဖိုး ပေးမည်ဟု အမေရိကန် ကြေညာ 
Photo - EPA

October 15

အမေရိကန်နိုင်ငံဿည် ယူကရိန်းထံ စစ်ရေးအကူအညီ နောက်ထပ် အမေရိကန်ဒေါ်လာ ၇၂၅ သန်းဖိုး ပေးပို့သွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပင်တဂွန်တို့က သောကြာနေ့တွင် ကြေညာသည်။ 

“ယူကရိန်းနိုင်ငံအနှံ့က အရပ်သားများကို ရုရှ၏ လူမဆန်သော ဒုံးကျည်တိုက်ခိုက်မှုများ” နှင့် “ရုရှတပ်များ၏ ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်သည့် သက်သေများ ပိုမို ရရှိလာချိန်” တွင် ယခု အကူအညီကို ပေးပို့ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ထုတ်ပြန်ချက်တစ်ရပ်၌ ပြောသည်။ 

ယခု အကူအညီသစ်တွင် HIMARS ဒုံးကျည်စနစ်အတွက် လက်နက်ခဲယမ်းများ ပို၍ ပါရှိကြောင်း သီးခြားထုတ်ပြန်ချက်၌ ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

ယခု အကူအညီအားဖြင့် အမေရိကန်က ယူကရိန်းထံ ပေးအပ်သည့် အကူအညီ စုစုပေါင်းပမာဏသည် သမ္မတ ဂျိုး ဘိုင်ဒင် အစိုးရ တာဝန်ယူပြီးချိန်မှစကာ ဒေါ်လာ ၁၈ ဒသမ ၃ ဘီလီယံအထိ ရှိသွားပြီဖြစ်ကြောင်း ဘလင့်ကင်က ဆိုသည်။ 

ယခု အကူအညီတွင် တင့်ကားဖျက်လက်နက်များ၊ HARMs ဟု သိရသော အပူခြေရာခံ ဒုံးကျည်ဖျက် လက်နက်များ၊ ယာဉ်များနှင့် ဆေးဝါးအထောက်အပံ့များ ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 

“လွတ်လပ်ခွင့်နဲ့ လွတ်လပ်ရေးတွေအတွက် ရဲစွမ်းသတ္တိ ပြောင်မြောက်စွာနဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံလတွေနဲ့ ခုခံနေတဲ့ ယူကရိန်းပြည်သူတွေနဲ့ ကျွန်တော်တို့ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်”ဟု ဘလင့်ကင်က ပြောသည်။ 

“ယူကရိန်းအတွက် တိုက်ပွဲမြေမှာ အမျိုးမျိုးသော လိုအပ်ချက်တွေကို ချိန်ညှိပြီး ကျွန်တော်တို့ အကူအညီတွေ ပေးပို့နေတာပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly