ရွှေဈေးနှုန်းများ အွန်လိုင်းမတင်ရန် ရွှေဆိုင်များကို စစ်ကောင်စီ ဖိအားပေးနေ

ရွှေဈေးနှုန်းများ အွန်လိုင်းမတင်ရန် ရွှေဆိုင်များကို စစ်ကောင်စီ ဖိအားပေးနေ

October 15

(မဇ္ဈိမ)။ ။​ရွှေဈေးနှုန်းများ လူမှုကွန်ရက်စာမျက်နှာများတွင် မတင်ရန် ရွှေဆိုင်များကို စစ်ကောင်စီ ဖိအားပေးနေကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီးရွှေဆိုင်အချို့ကလည်း " ယခုရက်ပိုင်းအတွင်း လတ်တလောဖြစ်ပေါ်နေသော အခြေအနေ အခက်အခဲအချို့ကြောင့်၊ ရွှေဈေးနှုန်းများအား အချိန်နှင့်တစ်ပြေးညီ ဖော်ပြရန်အခက်အခဲရှိနေသောကြောင့် ဖော်ပြနိုင်ခြင်းမရှိသေးပါကြောင်း" ကိုလည်း ထုတ်ပြန်ပြောဆိုထားကြသည်။

ရွှေဈေးနှုန်းများအား အခက်အခဲရှိနေသောကြောင့် ဖော်ပြနိုင်ခြင်းမရှိကြောင်းသာ ပြောဆိုထားပြီး မည်သည့်အကြောင်းအရင်းကိုမျှ ဖော်ပြထားခြင်းမရှိပေ။

အဆိုပါထုတ်ပြန်ချက်များနှင့်ပက်သက်ပြီး ၎င်းဆိုင်များအား မဇ္ဈိမအနေဖြင့် ဆက်သွယ်စုံစမ်းရာတွင် " ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။ တခြားဘာမှမှတ်ချက် မပြုလိုပါကြောင်း" နှင့် " ဆိုင်မှာ လာဝယ်ရင် ဈေးနှုန်းကို အချိန်နှင့်အမျှသိရမှာပါ။ တခြားတော့မသိပါဘူး" ဟု ဝန်ထမ်းများက အသီးသီးဖြေကြားထားသည်။

"လက်ရှိက ရွှေအသင်းက ဦးဆောင်ပြီး ရန်ကုန်၊ မန္တလေးတွေမှာ ရောင်းချပေးနေတာတွေရှိတော့ ဆိုင်တွေကိုညွှန်ကြားထားတာတွေရှိတယ်ဗျ။ အရင်ကလည်း ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူတာမျိုးတွေရှိတော့ ဘာကြောင့်ဆိုတာ ထုတ်မပြောဘဲ ဈေးနှုန်း မဖော်ပြနိုင်သေးဘူးလို့ဘဲ တင်ထားကြတာဖြစ်မယ်" ဟု ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ယခင်က နာမည်ကြီးရွှေဆိုင်များက ရွှေဈေးနှုန်းများအား ၎င်းတို့​၏ လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် facebook, viber, telegram စသည်တို့တွင် အချိန်နှင့်အမျှ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေတစ်ကျပ်သား ကျပ် ၂၅ သိန်းဖြင့် ရွှေပိဿာချိန် ၁၀ ကျော်ကို အောက်တိုဘာ ၁၂ ရက်က ရောင်းချပေးခဲ့ပြီး၊ အောက်တိုဘာ ၉ ရက်နေ့ကလည်း မန္တလေးမြို့၌ ရွှေတစ်ကျပ်သား ကျပ် ၂၅ သိန်းလေးသောင်းနှုန်းဖြင့် မီးလင်းရွှေ ခုနစ်ပိဿာကို လူတစ်ဦးလျှင် ရွှေ ၁၀ ကျပ်သားနှုန်း ရောင်းချပေးခဲ့ရာ မန္တလေး ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

"စစ်ကောင်စီနဲ့ ရွှေလုပ်ငန်းရှင်အသင်းဆိုတာ အတူတူပဲ။ ရွှေဆိုင်တွေကိုကျ သူတို့သတ်မှတ်တဲ့ ကြမ်းခင်းဈေးနှုန်းနဲ့ရောင်းခိုင်းတယ်။ အခုတော့ လေလံပစ်ပြီး ရွှေကိုရောင်းတယ်။ ရောင်းတာကလည်း ပြင်ပပေါက်ဈေးနဲ့ရောင်းကြတာ။ ဘယ်လောက်မျက်နှာပြောင်လိုက်သလဲ" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

"နောက်ပြီးတော့ဗျာ ရွှေလုပ်ငန်းရှင်အသင်းက တင်ထားတာတွေကို တွေ့မှာပါ။ ရွှေကို ပိဿာချိန်လိုက် လာဝယ်တဲ့သူတွေကလည်း အနေအထားက ယုံနိုင်စရာမရှိပါဘူး" ဟုလည်း ၎င်းက ပြောဆိုထားပြန်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရွှေလုပ်ငန်းရှင်အသင်း

#စစ်ကောင်စီ

#ရွှေဈေးနှုန်း

#ရန်ကုန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly