ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်ကောင်စီတပ်နှင့် DRPAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်ကောင်စီတပ်နှင့် DRPAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

October 15

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း အထက်မှဆင်းလာသော စစ်ကောင်စီ၏ အမြန်ရေယာဉ်တစ်စီး၊သင်္ဘောတစ်စီးနှင့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)အဖွဲ့တို့ အောက်တိုဘာလ ၁၄ရက် နံနက် ၁၀နာရီအချိန်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။

မင်းကင်းမှ ကနီသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆင်း လာသော စစ်ကောင်စီတပ်ရေယာဉ်နှစ်စီးနှင့်ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှု သုံးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"နံနက်၁၀နာရီလောက်က အထက်ကဆင်းလာတဲ့ စစ်သင်္ဘောတစ်စင်းနဲ့ အမြန်ယာဉ်တစ်စင်း ငါးဖြတ်မှာ DRPA တပ်ခွဲနဲ့ထိတွေ့ ပစ်ခတ်မှုဖြစ်ပွါးတယ် ကြာချိန်က ၁၀ မိနစ်လောက်ပဲဗျ ။ မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ရွာတွေကို စစ်သင်္ဘောကနေ ရမ်းသန်းပစ်တာဗျ။ ထိတွေ့တိုက်ပွဲကတော့ ချင်းတွင်းမြစ်ကြောင်းမှာ စကစ(စစ်ကောင်စီတပ်ဖွဲ့)စစ်သင်္ဘောအုပ်စု လာတိုင်း ထိတွေ့တိုက်ပွဲဖြစ်နေကြပြီးတော့ အဲ့သင်္ဘောအုပ်စုတွေက စကစ (စစ်ကောင်စီ)အတွက် ထောက်ပို့ပစ္စည်းတွေ၊သယံဇာတတွေ ၊စစ်လက်နက်တွေ သယ်နေကြဆိုတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှုမကြာမကြာဖြစ်တယ်"ဟု အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ရေယာဉ်မှတဆင့် ချင်းတွင်းမြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာများအားလက်နက်ကြီးဖြင့် တရစပ်ပစ်ခတ် ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်က ကျေးရွာခုနစ်ရွာအားပစ်ခက်ခဲ့ပြီး ကင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မစကူးလ်ကျောင်းဆောင် လက်နက်ကြီး ၊ လက်နက်ငယ်ထိမှန်၍ အနည်းငယ် ပျက်စီးခဲ့ကြောင်း သိရသည်။

မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာ ခုနစ်ရွာမှ နေအိမ် ၁၀လုံးကျော် လက်နက်ငယ်ထိမှန်၍ ပျက်စီးမှုများရှိခဲ့ပြီး ကျေးရွာများမှဒေသခံများ ယာယီ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီ၏ ရေယာဥ်နှစ်စီး အနည်းငယ် ထိခိုက်ပျက်စီးပြီး စစ်ကောင်စီတပ်သားများထိခိုက်မှုမရှိကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ချင်းတွင်းမြစ်

#စစ်ကောင်စီတပ်

#ထိတွေ့တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly