မနောမြေကို လောင်မြိုက်နေသည့် မြေသိမ်းယာသိမ်း ပြဿနာများ

27 February 2016
မနောမြေကို လောင်မြိုက်နေသည့် မြေသိမ်းယာသိမ်း ပြဿနာများ
ဓာတ်ပုံ-အီးပီအေ

လာလောင်ဒေါင်းနန်း၏ အတွေးထဲတွင် ၂၀၁၅ ဧပြီနောက်ပိုင်းရက်များ၏ အဖြစ်အပျက်များက တစ်ရစ်ဝဲဝဲ ပေါ်နေသည်။ ကုလသမဂ္ဂဦးစီးသည့် စီမံချက်တစ်ခုအတွင်း သူမိသားစု ပြန်လည်နေရာချထားခံရသည့် နှစ်ဧကမြေကွက်ရှေ့ ကျန်ရွာသူရွာသားများ ရောက်လာမည်လားဟု မျှော်နေမိသည်။

ဒေါင်းနန်းတို့ မိသားစုမှာ သူတို့ပိုင်ဆိုင်သည့် ရော်ဘာပင်ပေါက်စိုက်ခင်းကို ကျွဲနွားများ မဖျက်ဆီးနိုင်အောင် ခတ်ထားသည့် ခြံစည်းရိုး သံဆူးကြိုးများအား ဖြိုဖျက်ချခြင်းခံရပြီး တာဝန်ရှိသူများ၏ လာရောက်ပို့ထားခြင်းကြောင့် ယခုနေရာသို့ ရောက်ရှိလာရခြင်းသာ ဖြစ်ပါသည်။

“သူတို့တွေ ရောက်လာတော့ ဒီလိုမလုပ်ဖို့ ကျွန်မတောင်းပန်ပါတယ်။ တစ်ရွာတည်းသားချင်းတွေပဲဆိုပြီးလည်း ပြောပါတယ်။”ဟု မျက်နှာမကောင်း စိတ်ထိခိုက်နေကြသည့် အခြားလယ်သမားသုံးဦးနှင့်အတူ ခြေတံရှည်ဝါးအိမ်အတွင်း ထိုင်နေသည့် ဒေါင်းနန်းက ပြန်ပြောင်းပြောဆိုသည်။

ဒေါင်းနန်း၏ တောင်းပန်စကားများက သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ နောက်နေ့၌ စည်းရိုးသံဆူးကြိုး ဖျက်ချခံရသည့် ဒေါင်းနန်း၏ ၁၁ လသက်တမ်းရှိသည့် ရော်ဘာပင်ပျိုစိုက်ခင်းက ခြေဦးတည့်ရာသွားလာသည့် ကျွဲနွားတို့၏ စားကျက်ဖြစ်သွားရတော့သည်။
 
မြစ်ကြီးနားမြို့တော်မှ ဆိုင်ကယ်ခရီး မိနစ်လေးဆယ်ဖြင့် ရောက်သည့် ဖုန်ထူသည့် နောင်ချန်းရွာကလေးမှာ ဒေါင်းနန်းတို့၏ ရွာငယ်လေးဖြစ်သည်။ ဒေါင်နန်း၊ သူ့ခင်ပွန်းနှင့် အခြားရွာသား ၁၆ ဦးတို့မှာ ကျေးရွာအာဏာပိုင်များနှင့် မြေပိုင်ဆိုင်မှု တရားတဘောင်ဖြစ်ပွားနေရခြင်းဖြစ်သည်။ ဒေါင်းနန်းဖက်က ၎င်းတို့ပိုင်မြေအတွက် ရင်ဆိုင်နေခြင်းဖြစ်ကာ အာဏာပိုင်များကလည်း ဒေါင်းနန်းတို့၏ မြေသည် စားကျက်မြေအတွင်း ပါဝင်နေသည်ဟုဆိုနေကြခြင်းဖြစ်သည်။
 
ကျေးရွာသူရွာသားများ၏ စိုက်ခင်းမြေများကို စားကျက်မြေအဖြစ် ပြောဆိုမှုအား လက်မခံကြောင်း၊ ငှက်ပျောစိုက်ပျိုးမည့် တရုတ်ကုမ္ပဏီတစ်ခုအား မြေ ၃၀၀ ဧက အငှားချထားပြီး အမြတ်ထုတ်လို၍ ရွာအာဏာပိုင်များက ပရိယာယ်ဆင် လိမ်လည်နေခြင်းဖြစ်ကြောင်း ရွာသူရွာသားများက ပြောသည်။
 
ယခု ဒေါင်းနန်းတို့ ရင်ဆိုင်နေရသည့် မြေယာတိုက်ပွဲသည် ကချင်နှင့် တစ်နိုင်ငံလုံးကို လောင်ကျွမ်းနေသည့် မြေယာအခွင့်အရေးအငြင်းပွားမှုများအနက် တစ်ခုသာဖြစ်သည်။ ဆယ်စုနှစ်များစွာ စစ်အုပ်ရေးအောက်က မြေယာပြဿနာများ ပွေလီနေသည့် နိုင်ငံတွင် နည်းမှန်လမ်းမှန် အခွင့်အရေးဆိုသည်က အထိအခိုက်မခံဘဲ ခံစားရသူများအတွက် တရားဥပဒေကလည်း အားထားပြုစရာ နည်းနေသည်။
 
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆာယောဟောင်ခေါင်းအား Thomson Reuters Foundation က မတည်ပေးထားသည့် လွတ်လပ်သောသတင်းဝန်ဆောင်မှု Myanmar Now က အင်တာဗျူးရာတွင် မြေယာများ ရယူထားခြင်းကို ခုခံချေပသည်။ ဥပဒေအတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောသည်။
 
ရွာသူရွာသားများအပေါ် ထိခိုက်မှုများနှင့် ပတ်သက်ပြီး ၎င်းက ဖာထေးလျှော့ချကာ ပြောဆိုသည်။ တရုတ်တို့က ဖရဲသီးစိုက်ပျိုးရေးအတွက် မြေဧက ၇၀ ခန့်သာ ရယူထားခြင်းဖြစ်ကြောင်း၊ ဆန္ဒပြကန့်ကွက်လို့ ယင်းမြေကိုလည်း စွန့်လွှတ်သွားပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
 သောကတို့ ဆူဝေနေသော မြေယာသိမ်းဆည်းမှုများ
 
Land In Our Hand ဆိုသည့် တက်ကြွလှုပ်ရှားသောအဖွ့ဲ၏ ၂၀၁၅ အစီရင်ခံစာတွင် တရုတ်နှင့် နယ်စပ်ထိစပ်နေသည့် မြန်မာမြောက်ဖျားက ကချင်ပြည်နယ်သည် ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယမြေယာသိမ်းဆည်းမှု အများဆုံးဖြစ်ပွားနေသည့် ပြည်နယ်ဖြစ်ကြောင်း ဖော်ပြထားသည်။
 
“ကချင်ပြည်နယ်မှာ မြေယာအသိမ်းခံရတာတွေက ဆိုးဆိုးဝါးဝါး သောင်းကျန်းလွန်းတယ်။ နေရာလပ်မရှိတော့သလောက်အောင်ပဲ။” ဟု စိတ်ဓာတ်ပြင်းထန်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗော့ဂျာလမ်နွမ်က ပြောသည်။
 
“ရွာသားတွေကတော့ ထုတ်ပြောရမှာ သိပ်ကြောက်တတ်ကြတယ်။ အခုဆိုရင် မြေမဲ့ယာမဲ့တွေ တော်တော်လေးများနေပြီ။ အသက်ရှင်ရပ်တည်ရေးအတွက် တော်တော်ရုန်းကန်နေရတယ်။”ဟု ၎င်းက ပြောသည်။

မြေဈေးနှုန်းများ၊ နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်ရေး၊ ပြည်တွင်းရင်းနှီးမြုပ်နှံမှုများအတွက် လက်ရှိသမ္မတဦးသိန်းစိန်အစိုးရ၏ ပျော့လွန်းလိုက်လျောလွန်းသော မူဝါဒများသည် မြေယာအငြင်းပွားမှုများကို မီးထိုးပေးနေခြင်းဖြစ်ကြောင်း အကဲဖြတ်များက ပြောသည်။

ရေရှည်မကျေနပ်မှုများကြောင့် အပစ်ရပ်စဲမှုက ကျိုးပေါက်သွားပြီးနောက် ၂၀၁၁ ခုနှစ်တွင် ထပ်မံဖြစ်ပွားလာသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ကြားကတိုက်ပွဲများအတွင်း တိုင်းရင်းသားအခွင့်အရေးများ ဆုံးရှုံးရကာ အိုးအိမ်စွန့်ထွက်ပြေးသူပြည်သူပေါင်းကလည်း တစ်သိန်းကျော်ထက်မနည်းရှိနေခဲ့သည်။
 
အကယ်၍ ငြိမ်းချမ်းရေးပြန်ရလာသည့်အခါတွင်လည်း စစ်တပ်၏ အများအပြား သိမ်းဆည်းထားသည့် မြေယာများ ပြန်လည်ရရှိပါ့မလားဆိုသည့်အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေကြဆဲပင်ဖြစ်သည်။
 
တစ်ပြိုင်တည်းတွင် စစ်အုပ်ချုပ်ရေးခေတ်ပြဿနာများဖြစ်သည့် ပြည်နယ်တခွင်တလျား စစ်မက်ရေးရာများဖြစ်ပွားခြင်း၊ တိုင်းရင်းသားလူနည်းစုများအပေါ် ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် အစစ်အဆေးမဲ့ သဘာဝသံယဇာတများ တူးဖော်နေကြခြင်းများကို တရကြမ်းလုပ်ဆောင်နေကြခြင်းများလည်း တည်ရှိနေသည်။
 
“လယ်သမားအများစုက စစ်တပ်သိမ်းထားတဲ့ မြေတွေကို ပြန်လည်ပေးဖို့ ဘယ်တောင်းဆိုရဲပါ့မလဲ။”ဟု နောင်ချန်းရွာသားများကို အကူအညီပေးနေသည့် ကချင်ပြည်နယ်လယ်သမားကွန်ရက်မှ လပိုင်ဇော်တောင်က ပြောသည်။
 
အများစုက အစိုးရသစ်နှင့် NLD ဦးဆောင်မည့် လွှတ်တော်တို့ကို မျှော်လင့်လျက်ရှိနေပါသည်။ မြေယာအငြင်းပွားမှုများကို ဖြေရှင်းပေးမည်၊ မြေယာလုပ်ပိုင်ခွင့်နှင့် မြေမဲ့ယာမဲ့များကို ထောက်ပံ့ပေးမည်ဆိုသည့် ရွေးကောက်ပွဲကတိအတိုင်း စကား တည်လာရန် များစွာ မျှော်လင့်ချက်ထားနေကြသည်။
 ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် အဓိကကျသည့် မြေယာ
 
မြေယာပိုင်ဆိုင်မှုအပြောင်းအလဲနှင့် အသုံးချမှုက မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးအကူးအပြောင်းအတွက် အဓိကပြဿနာများမှ တစ်ခုဖြစ်သည်။ အခြေခံအဆောက်အအုံများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အကြီးစားစိုက်ပျိုးရေးစီမံကိန်းများအလို့ငှာ မြေသိမ်းယာသိမ်းခံနေရသည့်အပေါ် မခံရပ်နိုင်သည့် မကျေနပ်မှုများနှင့် ကန့်ကွက်မှုများ ရှိနေဆဲဖြစ်သည့် မြေယာပြဿနာများပင်ဖြစ်တော့သည်။
 
မြန်မာ့ လုပ်အားစွမ်းအားစုများ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ခန့်မှန်းခြေအရ စိုက်ပျိုးရေးကဏ္ဍမှ ဖြစ်ကြသည်။ စီးပွားရေး၏ ၄၄ ရာခိုင်နှုန်းက စိုက်ပျိုးရေးမှပဲဖြစ်ကြောင်း အကြံပေးကုမ္ပဏီ McKinsey&Co. အရသိရသည်။
 
အားလုံးသော မြေယာများက အစိုးရကသာ ပိုင်ပြီး လယ်ယာလုပ် တောင်သူလယ်သမားများက ထွန်ယက်စိုက်ပျိုးခွင့် ဂရန်သာ ရရှိခြင်းဖြစ်သည်။ နိုင်ငံလူဦးရေ ၅၁ သန်း၏ အများစုဖြစ်သော လယ်သမားများအတွက် မြေယာအသုံးပြုပိုင်ခွင့်က အခြေခံပြဿနာပဲဖြစ်တော့သည်။
 
သို့သော်လည်း ယင်းပြဿနာကို လက်တွေ့မြေပြင်တွင် အလေးမထားရုံမက မြေယာလုယက်ခံရခြင်းများကို ကာကွယ်မှုပေးရေးအတွက်လည်း ပျက်ကွက်နေကြောင်း တက်ကြွလှုပ်ရှားသူများကဆိုသည်။
 
မေးမြန်းမှုကို ဖြေကြားသူများ၏ ၄၂ ဒသမ ၉ ရာခိုင်နှုန်းက မြေယာအသိမ်းခံရစဉ် တရားဝင်စာရွက်စာတမ်းများအပေါ် အစိုးရပိုင်းက ပြဿနာလုပ်ခြင်း ခံရကြောင်း ပြောကြသည်ဟု Land In Our Hands ကဆိုသည်။
 
ယင်းပြဿနာက တိုင်းရင်းသားနယ်မြေများတွင် ပို၍ အထိအခိုက်မခံသည့် ပြဿနာပဲဖြစ်သည်။ တိုင်ရင်းသားလူနည်းစုဦးရေသည် မြန်မာလူဦးရေ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်း ခန့်မှန်းရှိပြီး စုစုပေါင်းလယ်ယာမြေ၏ ၅၇ ရာခိုင်နှုန်းက တိုင်းရင်းသားနယ်မြေများမှ ဖြစ်သည်။
 
“အရေးကြီးတဲ့ မေးခွန်းကတော့ မြေယာထိန်းချုပ်ခွင့်နှင့် ရရှိပိုင်ခွင့်က ပြည်တွင်းစစ်ရဲ့ အခရာပဲဖြစ်ပါတယ်။ ဒါကို ကောင်းစွာဖြေရှင်းခြင်းမရှိဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးက ရခဲပါဦးမယ်။”ဟု နယ်သာလန်အခြေစိုက် Transnational Institue အဖွဲ့က အစီရင်ခံစာထုတ်ပြန်ထားသည်။
 
သြဇာကြီးသော ကုမ္ပဏီတစ်ခုအား မြေသိမ်းခြင်းနှင့် ပတ်သက်ကာ တရားစွဲဆိုပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများအတွက် ထောင်ချခံနေရသူ ကချင်ပြည်နယ် NDF ပါတီခေါင်းဆောင် ဒေါ်ဘောက်ဂျာက ဒါကို သဘောတူလက်ခံသည်။
 
“မြေယာအရေး ဖြေရှင်းမပေးဘဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ရန်လမ်းမမြင်ကြောင်း”က ၎င်းကပြောသည်။ 
သေနတ်များဖြင့် အုပ်စိုးခြင်း

 
ဒေါ်ဘောက်ဂျာနှင့် ဇော်သွမ်ကဲ့သို့ တက်ကြွလှုပ်ရှားသူများက ကိုယ်အခွင့်အရေးကိုသိရှိကြဖို့အတွက် ရွာသူရွာသားများအား ပညာပေးလှုံ့ဆော်သည်။ ထို့အတွက် ၎င်းတို့က ကောင်းစွာရပ်တည်နိုင်သည်။ လုပ်ငန်းစဉ်ကတော့ ကြာရှည်နေဆဲပင်ဖြစ်ပါသည်။
 
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း စစ်တပ်က ရာထူးကြီးတစ်ဦးနှင့် တစ်ကြိမ်တွေ့ဆုံခဲ့ချိန် ကြောက်ရွံ့တုန်လှုပ်ခဲ့ရမှုအား အသက် ၆၅ နှစ်ရှိ အားတီနှင့် အသက် ၄၅ နှစ်ရှိ ရန်းမော်တို့က အမှတ်ရနေဆဲဖြစ်သည်။
 
“သူက ပစ္စတိုကို စားပွဲပေါ်ပစ်တင်လိုက်တယ်။ နောက်တော့ ကျွန်တော်တို့ကို မေးလိုက်ပါတယ်။ ဘယ်သူဘာပြောချင်လဲဆိုပြီး ကျွန်တော် တော်တော်လေးကြောက်နေခဲ့ရတယ်။”ဟု ရန်းမော်က ပြောသည်။
 
သို့သော် သူတို့အတွက် သတ္တိမွေးလာနိုင်ခဲ့ပါသည်။ ဒေါ်ဘောက်ဂျာ၏ အကူအညီဖြင့် သူတို့ ရင်ဆိုင်နေရသည့် အမှုအကြောင်း ဗဟိုသို့ စာပို့ပြီး အိမ်နှင့် မြေပြန်ရရေး တောင်းဆိုခဲ့ပါတော့သည်။
 
“ကျွန်မ ဒါကို မပေးခဲ့ဘူး။ ဒါက ကျွန်မရဲ့ မြေပဲ။”ဟု ၁၉၈၂ ခုနှစ်ကစပြီး ပိုင်ဆိုင်လာခဲ့သည့် ကိုယ်ပိုင်သစ်သီးခြံမှ ထွက်ခွာသွားရန် ၂၀၀၆ ခုနှစ်အတွင်းက ပြောဆိုခြင်းခံခဲ့ရသူ အားတီက ပြောသည်။
 
စစ်တပ်က ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်ဖို့ မြေသိမ်းရခြင်းဖြစ်ကြောင်း အားတီကို ပြောခဲ့သော်လည်း နောက်ပိုင်း ဘာတစ်ခုမျှ လာရောက်ဆောက်လုပ်ခြင်းမရှိကြောင်း တွေ့ရသည်။
 
မြေသိမ်းယာသိမ်းမှုများသည် နိုင်ငံရေးအရလည်း အလွန်အငြင်းပွားမှုများဖြစ်လာခဲ့ရာ မြန်မာနိုင်ငံ၏ စစ်တပ်ကျောထောက်နောက်ခံပြုသည့် လွှတ်တော်တွင် ၂၀၁၂ ခုနှစ်အတွင်း လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ရသည်။
 
ကော်မရှင် သက်တမ်းနှစ်နှစ်ခန့်အတွင်း အမှုပေါင်း သုံးသောင်းကျော်မက လက်ခံရရှိခဲ့သည်။ သို့သော်လည်း ရောက်လာသည့် အမှုပေါင်းမှ သုံးပုံနှစ်ပုံခန့်ကိုသာ ကြားသိရပြီး တရားစီရင်လျော်ကြေးပေးသည့် အမှုပေါင်းမှာ ၁၀၀၀ ပြည့်အောင်ပင် မရှိကြောင်း လယ်ယာမြေအခွင့်အရေးကူညီပေးသည့် Namati အဖွဲ့အရသိရသည်။
 
ဒေါင်းနန်းနှင့် ခင်ပွန်းဖြစ်သူ လာဘန်ခန်းဖန်တို့က သူတို့ပိုင် မြေ စားကျက်မြေဖြစ်သွားမည့်ဘေးက ကာကွယ်တိုက်ပွဲဝင်နေရဆဲပင်ဖြစ်ကာ တစ်ဖက်တွင်လည်း နောင်ချန်းရွာ၌ ကိုယ်ပိုင်စိုက်ပျိုးမှုအတွက် မြေယာပြန်ပြီး ထပ်မံဖော်နေရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly