ပါကစ္စတန်တွင် မိုးကြီးပြီး ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇၀၀ ခန့်နှင့် ဒဏ်ရာရသူ ၁၂၈၀၀ ဦးအထိ ရှိနေ

ပါကစ္စတန်တွင် မိုးကြီးပြီး ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇၀၀ ခန့်နှင့် ဒဏ်ရာရသူ ၁၂၈၀၀ ဦးအထိ ရှိနေ

ပါကစ္စတန်နိုင်ငံတွင် မကြုံစဖူး မိုးကြီးပြီးနောက် ဖြစ်ပေါ်ခဲ့သည့် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးရေလျှံမှုများကြောင့် ဇွန်လလယ်မှစပြီး အောက်တိုဘာ ၂ ရက်အထိ လူပေါင်း ၁၆၉၅ ဦးထက်မနည်းသေဆုံးပြီး လူ ၁၂၈၆၅ ဦး ဒဏ်ရာများ ရခဲ့ကြောင်း နိုင်ငံတော် သဘာဝဘေး စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (NDMA) က အောက်တိုဘာ ၂ ရက်တွင် ပြောသည်။

ပါကစ္စတန်တွင် ၂၀၂၂ ခုနှစ် ဇွန်လလယ်နောက်ပိုင်း ပြင်းထန်သော မုတ်သုံရာသီကို ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ အကြီးအကျယ် ထိခိုက်စေသော ရေကြီးမှုနှင့် မြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့ကာ လူ့အသက်များ၊ ဆင်းရဲမွဲတေမှု၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံများအပေါ် ကြီးမားသည့် ဂယက်ရိုက်ခတ်မှုများ ရှိခဲ့သည်။

လက်ရှိအချိန်အထိ ပါကစ္စတန်၏ ပြည်နယ်ဒေသ ၆ ခုအနက် ၅ ခုရှိ ခရိုင် ၈၁ ခုသည် ‘ကပ်ဘေးသင့် နေရာများ” အဖြစ် အစိုးရက ကြေညာထားပြီး ဘာလိုချီ စတန်၊ ခိုင်ဘာ ပက်ခ်တွန်ခဝါနှင့် ဆင်းဒ်ပြည်နယ်တို့သည် အဆိုးဝါးဆုံး ထိခိုက်ခံစားခဲ့ရသည်။

အဆိုပါနိုင်ငံတွင် စက်တင်ဘာလယ်အထိ သဘာဝဘေးကြောင့် လူပေါင်း ၃၃ သန်း ထိခိုက်ခံစားခဲ့ရပြီး လူ ၁၄၈၁ ဦးထက်မနည်း သေဆုံးကာ အခြား လူပေါင်း ၁၂၇၂၀ ဦး ဒဏ်ရာရခဲ့ပြီး ခန့်မှန်းခြေ လူပေါင်း ၇ ဒသမ ၆ သန်းသည် ယာယီအားဖြင့် နေရပ်စွန့်ခွာခဲ့ကြရသည်။

ရေကြီးမှုများကြောင့် နေအိမ်အလုံးပေါင်း ၁ ဒသမ ၈ သန်းခန့် ထိခိုက်၊ ပျက်စီးခဲ့ပြီး ဆင်းဒ်ပြည်နယ် တစ်ခုတည်းမှာတင် နေအိမ် ၁ ဒသမ ၅ သန်းအထိ ထိခိုက်ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly