နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း PPST ထုတ်ပြန်

နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ကြောင်း PPST ထုတ်ပြန်

အောက်တိုဘာလ ၁၄ ရက်

သက်ဆိုင်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေး‌နွေးပွဲများဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ဆိုသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် NCA လက်မှတ်ရေးထိုးသည့် (၇)နှစ်ပြည့် အထိမ်း အမှတ်အတွက် PPST ၏ ထုတ်ပြန်ကြေညာချက်တွင် NCA ၏အခြေခံမူသုံးရပ်ကိုကိုင်စွဲ၍ ကြိုးပမ်းနေ ဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

PPST အနေဖြင့် နိုင်ငံ‌ရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်‌ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေး ဟူသော အခြေခံမူသုံးချက်ကို လက်ရှိအချိန်ထိဆောင်ရွက်နေဆဲဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက် တွင် ဆိုထားသည်။

“ အထူးသဖြင့်တော့ အရပ်သားများကို ကာကွယ်ရေးပေးရမယ်ဆိုတာ စာချုပ်ထဲမှာရှိတယ်။ အဲဒီလို ကိစ္စ မျိုးတွေမှာ စာချုပ်ကိုလိုက်နာမယ်ဆိုရင် အရပ်သားတွေကိုကာကွယ်ပေးဖို့ လူတိုင်းမှာတာဝန်ရှိတယ်လို့ ထောက်ပြချင်တယ်။ ဘယ်သူကတိပျက်ပျက် ကိုယ်မပျက်ဖို့အရေးကြီးတယ်” ဟု PPST ၏ အလုပ်အဖွဲ့ ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် ယခင်အစိုးရနိုင်ငံတော်သမ္မတ(ဟောင်း) ဦးသိန်းစိန်က ပြည်တွင်းငြိမ်းချမ်းရေးကို အတူတကွ ကြိုးပမ်းတည်ဆောက်ဆောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို ဖိတ်ခေါ်ခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ သျှမ်း ပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့သည် နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂(MIC-2)တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အခြားအဖွဲ့အစည်းများဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့က NCA စာချုပ်တွင် ထပ်မံ‌ လက်မှတ်ရေးထိုး ခဲ့သည်။

ထိုသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ၊ တပ်မတော်တို့အကြား သဘောတူချုပ်ဆိုခဲ့သည့် NCA အကျိုးကျေးဇူးကြောင့် ၂၀၁၁ခုနှစ်မှ ၂၀၂၁ ခုနှစ်ဦးအထိ ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းမှု၊ လူတစ်ဦးချင်း၏ လွတ်လပ်မှုကို သိသာစွာခံစားခ့ရခြင်းမှာ မှားမည်မထင်ကြောင်း PPSTကဆိုသည်။

PPST သည် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်း ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခု ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် KNU၊ CNF နှင့် RCSS တို့သည် နိုင်ငံရေးနှင့် စစ်ရေး တို့တွင် သီးခြား‌ရပ်တည်နေပြီး အခြား ခုနစ်ဖွဲ့သည် အစုအဖွဲ့အလိုက် ကျန်ရှိနေဆဲဖြစ်သည်ဟု သိရသည်။

သီးခြားရပ်တည်နေသည့် အဖွဲ့သုံးခုအနက်တွင် KNU နှင့် CNF တို့သည် အတိအလင်း တော်လှန်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်လျက်ရှိသည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် (၇) နှစ်ပြည့်အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ သွားမည်ဖြစ်ပြီး တစ်ဖွဲ့ချင်းစီအလိုက်ဖိတ်ကြားထားကာ အဖွဲ့အစည်းများ၏သဘောဆန္ဒအရသာ တက် ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ထိုသို့ဖိတ်ကြားမှုအပေါ်တွင် PPST က “လူပုဂ္ဂိုလ်၊ ခေါင်းဆောင်များကို သီးခြား ဖိတ်ကြား ခြင်း၊ အဖွဲ့အစည်းအလိုက် သီးခြားဖိတ်ကြားထားခြင်းတို့ကြောင့် မိမိတို့ကိုယ်တိုင်ကိုယ်ကျ လက်မှတ်ရေး ထိုးထားကြသော PPST အနေဖြင့် “NCA” အထိမ်းအမှတ် ဂုဏ်ပြုမှုကို ပါဝင်တက်ရောက်ရန် လိုအပ်၍ တက်ရောက်ရခြင်းဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နေပြည်တော်က ဖိတ်ထားတာပါ။ PPST ခေါင်းစဉ်နဲ့ ဖိတ်ထားတာမဟုတ်ပါဘူး။ တစ်ဖွဲ့ချင်းစီကို ဖိတ်တာပါ” ဟု PPST ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စောကျော်ညွန့်က ဆိုသည်။

NCA သည် ပြည်တွင်းစစ်ကို ဦးတည်နေသည့် အကြမ်းဖက်ပဋိပက္ခများကို လျော့နည်းစေပြီး ပြည်တွင်း ငြိမ်းချမ်းရေး အစပျိုးတည်ဆောက်ရန် လမ်းစဖြစ်သည်ဟု အလေးအနက်ယုံကြည်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly