အမှောင်ခေတ်ကို ပြန်မသွားချင်တဲ့ ‘ပြည်သူ’ (ဆောင်းပါး)

အမှောင်ခေတ်ကို ပြန်မသွားချင်တဲ့ ‘ပြည်သူ’ (ဆောင်းပါး)

အောက်တိုဘာလ ၁၄ ရက်

နိုင်ငံတစ်ခု နိုင်ငံရေးစနစ်တစ်ရပ်ကို နောက်ဆုံးမှာ အဆုံးအဖြတ်ပေးနိုင်တာက ‘ပြည်သူ’ဆိုတာပါ။ ကမ္ဘာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်လိုက်ရင်လည်း ဟိုးရှေးပဝေသဏီ ပဒေသရာဇ်ခေတ်တွေကတည်းက ပြည်သူပါဝင်တဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရေး ရုန်းကန်မှုတွေကသာ နောက်ဆုံးတစ်နေ့ အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။ ဥရောပတိုက်မှာဆို ‘အမှောင်ခေတ်’လို့ခေါ်တဲ့ ကာလကြီး ကြုံခဲ့ကြရတယ်။ နှစ်ပေါင်း ၁၀၀၀ နီးပါးခန့် ကြာမြင့်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှု တိုးတက်ပြောင်းလဲမှုတွေ ရပ်တန့်သွားပြီး၊ ဆိုးယုတ်မှုတွေ၊ ကစင့်ကလျားဖြစ်မှုတွေ၊ ကြီးနိုင်ငယ်ညှင်း ဖိနှိပ်အုပ်စိုးမှုတွေ ကြီးစိုးခဲ့ပြီး လူပေါင်းများစွာ အုံလိုက်ကျင်းလိုက် ပြောင်းရွှေ့နေထိုင်မှုတွေ ပြေးလွှားပုန်းလျှိုရမှုတွေ အကြီးအကျယ်ဖြစ်ခဲ့ရတဲ့ ကာလကြီးပေါ့။

‘ပညာညဏ်ဖွံ့ဖြိုးမှု’ ဆုက်ယုတ်သွားပြီး မကောင်းမှု ဓလေ့ဆိုးတွေသာ အများအားဖြင့် ထွန်းကာကျယ်ပြောခဲ့တယ်။ လူ့အဖွဲ့အစည်းထဲ အသိပညာ ဖွံ့ဖြိုးမှုတွေ၊ လွတ်လပ်ခွင့်တွေ အကုန်ပျက်စီး ဆုက်ယုတ်သွားခဲ့တယ်။ ရောမအင်ပါယာကြီးဟာ နိုင်ငံရေး မတည်ငြိမ်မှု၊ သူ့နောက်ဆက်တွဲ စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်မှု ပြဿနာတွေဖြစ်လာပြီး ဘာဘေးရီးယန်းလို့ခေါ်တဲ့ ရိုင်းစိုင်းကြမ်းတမ်းပြီး ယဉ်ကျေးမှုနိမ့်ကျတဲ့ လူမျိုးစုတွေအုပ်စီးတာ ခံလိုက်ရတယ်။ သာယာဝပြောလှတဲ့ ရောမအင်ပါယာကြီး ပြိုပျက်ခဲ့ပြီးနောက်ပိုင်းကို အမှောင်ခေတ်လို့ သတ်မှတ်ကြတာပဲ ဖြစ်ပါတယ်။

အမှောင်ခေတ်အကြောင်း နိဒါန်းပျိုးပြောရတာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှပ်မှုကြုံနေရတဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေ အခြေအနေကို ရည်ညွှန်းလိုလို့ပါပဲ။ အာဏာသိမ်း စစ်ကောင်စီဟာ ခတ္တခဏ အာဏာထိန်းရတာပါလို့ ဘယ်လိုပဲဆင်ခြေပေးနေပါစေ၊ နေ့စဉ်ဆိုသလို တစ်ရစ်ချင်း ပြည်သူလူထုအပေါ် တင်းကြပ်မှုတွေ၊ ကန့်သတ်တားမြစ်မှုတွေ၊ ပြည်သူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ဖိနှိပ်ချုပ်ခြယ်လာတာတွေ၊ အရာရာကို စစ်အုပ်စုတစ်ခုတည်းကပဲ မောင်ပိုင်စီးထိန်းချုပ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတာတွေကြည့်ရင် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးဖို့ အစီအစဉ်မရှိနေတာ သေချာသလောက်ရှိနေပြီ ဖြစ်ပါတယ်။ ဥရောပရဲ့ အမှောင်ခေတ်လို အနေအထားမျိုးကို ပြန်လည်အသက်သွင်းနေပုံမျိုးပါပဲ။ ဘာဘေးရီးယန်း အရိုင်းအစိုင်းတွေနဲ့ စစ်ကောင်စီဟာ သိပ်မကွာလှပါဘူး။ ကြမ်းတမ်းရက်စက်မှုမှာ အတူတူလောက်ရှိပါတယ်၊ ဖွံ့ဖြိုးမှုခေတ်မတူလို့ အသုံးပြုတဲ့ လက်နက်တွေ နည်းလမ်းတွေကွာပေမဲ့ ဆိုးယုတ်မှုအပိုင်းကတော့ တူတူဖြစ်ပါတယ်။

အရင် စစ်အာဏာရှင်ခေတ်ပုံစံဆီ ပြန်သွားနေတယ်ဆိုတာကို သိသာစေတဲ့ အပြုအမူတွေ ခုဆို အများကြီးပါ။ စာပေကင်ပေတိုင်စနစ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ စာပေစိစစ်ရေးစနစ်ကို ပြန်လည်အသက်သွင်းလာတယ်။ စာပေလုပ်ငန်း စာအုပ်တိုက်တချို့ကို ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းတာတွေ လုပ်လာတယ်၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးဆိုင်ရာတွေမှာ စစ်အာဏာရှင်စနစ်ကို ထိခိုက်စေတဲ့ တစ်နည်းအားဖြင့် စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ရေးသားဖြန့်ချိတာတွေ မလုပ်နိုင်အောင် ကန့်သတ်ပိတ်ပင်ပြီး ဥပဒေပုဒ်မပေါင်းစုံနဲ့ ခြိမ်းခြောက် အကြပ်ကိုင်လာပါတယ်။ တစ်ဖက်မှာသာ ဘာ စည်းကမ်း ဥပဒေ ကျင့်ဝတ်တွေကိုမှ လိုက်နာတာမရှိ၊ ချိုးဖောက်တာပဲရှိတဲ့ လက်ကိုင်တုတ် စစ်တပ်နဲ့ရဲတပ်ဖွဲ့ကို ထင်ရာစိုင်းခွင့်ပေးထားပေမဲ့ လူထုနဲ့ တိုင်းပြည်ကိုတော့ စစ်အာဏာရှင် စနစ်အောက် ပြားပြားဝပ်နေလာဖို့အတွက် စနစ်တကျ ပြင်ဆင်ပုံသွင်းနေတာ ဖြစ်ပါတယ်။

“စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံ ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လွှင့်ပြသနေသည့် ကုမ္ပဏီများနှင့် Content Provider များကို ပြည်တွင်းနှင့် နိုင်ငံခြားရုပ်ရှင် ဇာတ်ကား၊ ဇာတ်လမ်းတွဲများအား ဆင်ဆာခွင့်ပြုချက်ရယူပြီးမှ ပြသရန် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်”လို့ မဇ္ဈိမသတင်းဌာနရဲ့ သတင်းတစ်ပုဒ်မှာ ရေးသားဖော်ပြထားတာ တွေ့လိုက်ရပါတယ်။ စစ်ကောင်စီ ပြန်ကြားရေးဌာနဟာ ရုပ်သံမီဒီယာတွေကိုကအစ ဆင်ဆာစနစ်နဲ့ပြန်လည် ထိန်းချုပ်လာတာြဖစ်ပြီး အင်တာနက်သုံးစွဲမှုကိုပါ တစ်ပါတည်းထိန်းချုပ်ဖို့ အမြဲကြိုးစားလာပါတယ်။ ပြည်သူလူထုကို စစ်အာဏာရှင်က ပေးထားသလောက် ‘ဘောင်’အတွင်းကနေသာ ရှင်သန်လှုပ်ရှားနိုင်အောင် ပြင်ဆင်လာတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ရဲ့ပါးစပ်က “ဒီမိုကရေစီ’ဆိုတာကို တွင်တွင်ပြောနေပေမဲ့ သူနဲ့စစ်အုပ်စု ဆိုလိုနေတဲ့ ဒီမိုကရေစီက မဟုတ်မဟပ် မရှိတဲ့ ပုံစံမျိုးပါ။ ‘ထွင်လုံး’တစ်ခုပါပဲ၊ ဒီမိုကရေစီဆိုတာရဲ့ ရှေ့မှာ ‘စည်းကမ်းပြည့်ဝသော’ဆိုတဲ့ နာမဝိသေသနတပ်ဖို့ ကြိုးစားတာဟာ ဒီမိုကရေစီကိုပုံဖျက်ဖို့၊ ဒီမိုကရေစီကို မထွန်းကားစေချင်လို့ အာဏာရှင်ဆိုသူတိုင်း ကလိမ်ကျလေ့ရှိတဲ့ လုပ်ရပ်တစ်ခုထက် ဘာမှမပိုပါဘူး။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုတာထက် အာဏာရှင်စိတ်တိုင်းကျ ‘အုပ်ချုပ်မှုပုံစံ’တစ်ခုကို သွတ်သွင်းဖို့ ခြေလှမ်းပြင်တာပဲ ဖြစ်ပါတယ်။ အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေ စိတ်တိုင်းကျရေးဆွဲသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီသလို၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်ဆီ သွားဖို့အတွက် သင်တင့်ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်မဟုတ်ကြောင်း ‘အခြေခံဥပဒေဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်’တိုင်းလိုလိုက ထောက်ပြခဲ့ကြတယ်၊ ၂၀၀၈ ခြေဥကိုအတည်ပြုဖို့ လူထုဆန္ဒခံယူပွဲလုပ်တာတောင် နာဂစ်မုန်တိုင်းဒဏ် အကြီးအကျယ်ခံနေရချိန်အတွင်း လူထုကိုမညှာတာ မစာနာဘဲ အတင်းအဓမ္မလုပ်ခဲ့တာပဲ နမူနာ ကြည့်နိုင်ပါတယ်။ စစ်အာဏာရှင်ခင်းပေးတဲ့ ဒီမိုကရေစီနည်းလမ်း ခရီးလမ်းက ‘စကတည်းက ယဉ်သကို’ဆိုသလို ကောင်းမွန်ခဲ့တာ လုံးဝမဟုတ်ပါဘူး။

စစ်တပ်အလိုကျ ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်ဘဲ ရေးဆွဲပြဌာန်းထားတဲ့ အဲလိုအခြေခံ ဥပဒေပါ ပြဌာန်းချက်တွေကိုတောင် အာဏာသိမ်းဖို့ပဲအမြဲသွေးဆာနေတဲ့ အဲ့ဒီ့စစ်တပ်ကိုယ်တိုင် လိုက်နာတာလည်း မဟုတ်ပါဘူး။ နမူနာ တစ်ခုဆွဲထုတ်ပြရရင် အခန်း(၁) နိုင်ငံတော် အခြေခံမူများထဲက ပုဒ်မ-၂၁(ခ)မှာ “တရားရုံး၏ ခွင့်ပြုချက်မရရှိပါက နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့်မရှိ”လို့ ပြဌာန်းထားပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေအတွင်း တရားရုံးရဲ့ဖမ်းဝရမ်းမပါဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ဘယ်ပြည်သူကိုမဆို စိတ်ထင်သလို ဖမ်းဆီးတယ်၊ ၂၄ နာရီမက ကြိုက်သလို ချုပ်နှောင်ထားတယ်၊ စစ်ကြောရေးစခန်းထဲ ရိုက်နှက်နှိပ်စက်သတ်ဖြတ်ပြီး အလောင်းတောင် မိသားစုကိုပြန်မပေး အကြောင်းမကြားတာတွေထိ လုပ်ပစ်တာပါ။ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုသပိတ်တွေကိုတောင် တရားလက်လွတ် စစ်ကားနဲ့ဝင်တိုက်၊ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးတာတွေ လူမြင်ကွင်းမှာပဲ ပေါ်တင်လုပ်တာပါ။ ‘ငါပြောသလို လုပ်၊ ငါလုပ်သလို လိုက်မလုပ်နဲ့’ဆိုတဲ့ အာဏာရှင်စရိုက်က မြန်မာစစ်တပ်မှာ အပြည့်ရှိနေတာကို ပြသနေတာဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးနဲ့ ဟိုးအရင် လူ့အခွင့်အရေး ကော်မရှင်ကြီးကနေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်း ကမ္ဘာ့နိုင်ငံတိုင်း လေးစားလိုက်နာရမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တန်ဖိုးစံတွေကို ပြဌာန်းကြေညာထားပြီး ဖြစ်ပါတယ်။ ဘယ်လိုနိုင်ငံမျိုးက ဘယ်လိုအုပ်ချုပ်မှုစနစ်တွေမှာမဆို သက်ဆိုင်ရာနိုင်ငံသားတိုင်းဟာ ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့်၊ ရေးသား ဖြန့်ချိခွင့် ဆိုတာတွေ ရရှိခံစားနိုင်ရမယ်လို့ ဆိုထားပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီကို ထိန်းကျောင်းဖို့အတွက် အာဏာထိန်းရတာလို့ ဆင်ခြေပေးနေပေမဲ့၊ နိုင်ငံသား ပြည်သူတွေရဲ့ လွတ်လပ်မှု အခွင့်အရေးကို ပိတ်ပင်တားဆီးယုံမက ခြိမ်းခြောက်တာတွေကိုထိ သိသိသာသာ လုပ်လာနေတာပါ။

ပြင်ပမှာတင် မဟုတ်ပါဘူး၊ အွန်လိုင်းပေါ်မှာပါ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေကို အများပြည်သူကနေ like and share ပြုလုပ်ရင် ထောင်ချပစ်မယ်ဆိုတဲ့အထိ စစ်ကောင်စီဟာ ဗြောင်ခြိမ်းခြောက်ပိတ်ပင်နေပါတယ်။ ဒါတွေကြောင့် စစ်ခေါင်းဆောင်ပါးစပ်က ဒီမိုကရေစီလို့ပြောတာဟာ ‘ဖိနပ်ကြားက နတ်စကား’ထွက်ဆိုတာမျိုးပါပဲ။ ယုံကြည်စရာ တစ်စက်မှ မရှိလှပါ။ ဒါမို့ နိုင်ငံတကာကလည်း စစ်ကောင်စီကျင်းပပေမဲ့ ရွေးကောက်ပွဲဆိုတာဟာ ‘လွတ်လပ်ပြီး တရားမျှတမှု’ရှိမှာ မဟုတ်တာကို ယုံကြည်လို့၊ လုံးဝအသိအမှတ်ပြု လက်မခံဘူးလို့ ဆိုနေကြတာပါ။ အထူးသဖြင့် ဒီလိုပြောဆို ဆော်ဩတာက အမေရိကန် ပြည်ထောင်စု ဖြစ်ပါတယ်။

‘အမှောင်ခေတ်’လိုမျိုးကို ပြန်လည်အသက်သွင်းဖို့အတွက် စစ်ကောင်စီဘက်ကနေ ကြိုးပမ်းနေတာကို နမူနာလုပ်ရပ်တချို့နဲ့ အကျဉ်းချုပ်ပြတာ ဖြစ်ပါတယ်။ သေချာတာတစ်ခုက စစ်ကောင်စီရဲ့ ‘အမှောင်ခေတ်ပြန်သွားရေး စီမံကိန်း’ဟာ အောင်မြင်နိုင်စရာမရှိဘူး ဆိုတာပါ။ မြန်မာ့သမိုင်းတစ်လျှောက် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုတွေ အများကြီးဖြစ်ပေါ်ခဲ့ပေမဲ့ အခု ‘နွေဦးတော်လှန်ရေး’လောက် အချိန်ကြာကြာ ပြည်သူလူထုကိုယ်တိုင် တောင့်ခံ၊ ရပ်တည်၊ ပံ့ပိုး၊ ပါဝင်တာမျိုး မရှိခဲ့ဖူးပါဘူး။ အနီးစပ်ဆုံး သမိုင်းထဲက ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတို့ဟာ လပိုင်းလောက်အတွင်းမှာ အာဏာသိမ်းစစ်တပ်က နိုင်ငံကို ထိန်းချုပ်ဖိနှိပ်နိုင်ခဲ့ပါတယ်။ အခုဆို စစ်အာဏာသိမ်းထားတာ ရက်ပေါင်း ၆၀၀ နီးပါးရှိလာပေမဲ့ ပြည်သူလူထုရဲ့ တော်လှန်ရေးအရှိန် လျော့ကျသွားခြင်းမရှိသလို အန်ယူဂျီ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကလည်း နေ့စဉ်နဲ့အမျှ တိုးတက်လာတွေပဲ ရှိနေတာတွေ့ရမှာပါ။

စစ်ကောင်စီဘက်က ‘ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်မှု’တွေကို အရှိန်တိုးလုပ်ပြီး အကြောက်တရားပေး ပြည်သူကိုအုပ်ချုပ်ဖို့ ကြိုးစားနေတာတွေဟာ မအောင်မြင်တဲ့အပြင် စစ်ကောင်စီနဲ့ဆက်စပ်ရာ အုပ်စုတွေ၊ လူမှု အသိုင်းအဝန်းတွေအပေါ် ပြည်သူလူထုရဲ့ နားကြည်မုန်းတီးမှု တိုးသထက်တိုးလာတာပဲ ရှိပါတယ်။ ဖိလေ ကြွလေ စပရိန်လို လူထုရဲ့နွေဦးတော်လှန်ရေးက ဖြစ်နေပါပြီ။ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံ ခြိမ်းခြောက် အကြပ်ကိုင် ဖိနှိပ်မှုတွေဟာ လူထုအတွက် ရုန်းကန်ဖို့လိုအပ်တဲ့ ‘အားအင်’တွေအဖြစ် ဖန်တီးပေးနေသလိုတောင် ဖြစ်နေပါတယ်။ ‘ကြောက်ခေတ်ကို မှောက်ပစ်’လို့ကြွေးကြော်နေတာဟာ လေချည်းပဲမဟုတ်ကြောင်း လူထုနဲ့ တော်လှန်ရေးအရှိန်က သက်သေပြနေပါတယ်။ လွတ်လပ်မှုနဲ့ ပတ်သက်တဲ့ နာမည်ကြီး စာသားတစ်ခုရှိပါတယ်။ “လွတ်လပ်မှုက မလွတ်လပ်သေးဘူး”ဆိုတာပါပဲ။ မလွတ်မလပ် ပိတ်လှောင်နေတဲ့ ဆိုးယုတ်လှတဲ့ ‘အမှောင်ခေတ်’ကို လုံးဝပြန်မသွားချင်တဲ့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို ဒူးထောက်ခယနေမှာ မဟုတ်တော့ပါဘူး။

စစ်အာဏာသိမ်းစ ဆန္ဒပြပွဲတွေမှာ လူငယ်တွေစုရုံးဆိုနေကျ ‘အလိုမရှိ’သီချင်းစာသားထဲက အတိုင်းပါပဲ၊ “အမှန်တရားကို ရရင်ရ၊ ပြန်မရရင် အဆုံးထိသွားမှာပါ”ဆိုသလို စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်ကနေ အဆုံးသတ် အမြစ်ပြတ်ဖို့အထိ ပိုင်းဖြတ်ထားကြပြီးဖြစ်တယ်လို့ အခိုင်အမာယုံကြည်ပါကြောင်း….

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly