အောက်တိုဘာလ ၁၄ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံတစ်ဦးကို ပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သရက်ချောင်းမြို့ခံတစ်ဦးက “ ရုံးတက်နေတဲ့ Non-CDM တွေကို သတိပေးချင်လို့ ဖောက်ခွဲတာထင်ပါ တယ်။ ကွဲတဲ့နေရာက အပြင်ဖက်မှာဆိုတော့ လမ်းသွားလာတွေလည်း ထိခိုက်မှုမရှိခဲ့ဘူး။ ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လည်းဆိုတာကို အတိကျ မသိရသေးဘူး” ဟု ပြောသည်။
ယင်းပေါက်ကွဲမှုနှင့် ဆက်စပ်မှုရှိသည်ဟုစွပ်စွဲချက်ဖြင့် ဒေသခံတစ်ဦးဖြစ်သူ ကိုအောင်ကိုရှိန်ဆိုသူကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းအားလုံးကို စစ်ယန္တရားမလည်ပတ်နိုင်ရေးအတွက် ရုံးမတက်ကြရန် တော်လှန်ရေးအဖွဲ့များကအကြိမ်ကြိမ် သတိပေးခဲ့ကြောင်းလည်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ