မြန်မာကို ကမ္ဘာက မေ့မထားရန် ပုပ်ရဟန်းမင်းကြီး ထပ်မံတိုက်တွန်း

မြန်မာကို ကမ္ဘာက မေ့မထားရန် ပုပ်ရဟန်းမင်းကြီး ထပ်မံတိုက်တွန်း

အောက်တိုဘာလ ၁၄ ရက်

လူမဆန်ရက်စက်သော အာဏာသိမ်းစစ်တပ် အုပ်ချုပ်မှုအောက်တွင် လူသိန်းချီ ထိခိုက်ဒုက္ခရောက်နေကြရသည့် ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံကို ကမ္ဘာက မေ့မထားရေး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းတောင်းဆိုလိုက်သည်။

“မေ့လျော့ခံ စစ်ပွဲတွေ နဲ့ပတ်သက်လို့ မိမိအနေနဲ့ အလေးထား ပြောဆိုပါတယ်။ ဒီ‌နေ့အချိန်မှာ မိမိတို့ အားလုံး ပူပန်သောကရောက်နေကြတယ်။ ဥရောပရဲ့ တံခါးဝနားမှာနဲ့ ဥရောပမှာ စစ်ပွဲတစ်ပွဲနဲ့ပတ်သက်လို့ မိမိတို့ စိုးရိမ်ပူပန်မှု ဖြစ်သင့်ပါတယ်။ ဒါပေမယ့် နှစ်ချီကြာနေတဲ့ စစ်ပွဲတွေလည်း ရှိနေပါတယ်။ ဆီးရီယားမှာ စစ်ပွဲက ဆယ်နှစ်ကျော်နေပါပြီ။ ယီမင်အကြောင်း တွေးကြည့်ပါ။ မြန်မာနိုင်ငံအကြောင်း တွေးကြည့်ပါ။ အာဖရိကအကြောင်း စဉ်းစားကြည့်ပါ” ဟု ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန်ဘုန်းတော်ကြီးများဆိုင်ရာ အသင်းအဖွဲ့တစ်ခုဖြစ်သည့် PIME ၏ လစဉ်ထုတ် မဂ္ဂဇင်း Mondo e Missione ၏ အယ်ဒီတာများ၊ ပူးပေါင်းဆောင်ရွက်သူများနှင့် အောက်တိုဘာ ၁၃ ရက်က တွေ့ဆုံစဉ် ပြောသွားခဲ့သည်။

“အမေ့လျော့ခံ စစ်ပွဲတွေနဲ့ပတ်သက်လို့ သူတို့ကို ဒီလိုမျိုး မေ့လျော့ထားတာက ရှယ်ဖွယ် ကောင်းပါတယ်။ ပိုကောင်းတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ အောက်ခြေမှာ တိတ်ဆိတ်စွာနဲ့ ဇွဲနပဲကြီးစွာ လုပ်ကိုင်နေသူတွေကို မေ့မထားဘဲ သတိရနေရပါမယ်။ အကျပ်အတည်းတွေ ဒါမှမဟုတ် အကြမ်းဖက်မှုတွေနဲ့ စွန်းထင်းနေတဲ့ အခြေအနေတွေအောက်မှာ စည်းလုံးညီညွတ်မှုနဲ့ ပြန်လည်ပေါင်းထုတ်မှု လမ်းကြောင်းတွေကို လိုက်ရှာရပါမယ်” ဟု ပုပ်ရဟန်းမင်းကြီးက ပြောသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းအကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုထားခဲ့သူဖြစ်ပြီး ၎င်းသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ထားခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှု ရပ်ဆိုင်းရန်၊ ဖမ်းဆီးထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းရှာဖွေမည့် ညှိနှိုင်းဆွေးနွေးမှု လမ်းကြောင်းအတိုင်းလိုက်ရန် ပုပ်ရဟန်းမင်းကြီးက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်များကို ထပ်တလဲလဲ တိုက်တွန်းထားသည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြသူများကို အပြင်းအထန် လူမဆန်စွာ ဖြိုခွင်းနှိမ်နင်းထားခဲ့သလို ခရစ်ယာန် အများအပြား နေထိုင်ရာ ဒေသများအပါအဝင် ကချင်၊ ကယား၊ ကရင်၊ ချင်း ပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတို့ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ခိုက်မှုများ ပြန်လည်စတင်ထားခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly