တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီး ကင်းလာချသော စစ်ကား ဗုံးခွဲတိုက်ခိုက်ခံရ

တောင်ဒဂုံ ယောက်ကော်ပန်းခြံအနီး ကင်းလာချသော စစ်ကား ဗုံးခွဲတိုက်ခိုက်ခံရ

အောက်တိုဘာလ ၁၄ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီး၊ ယောက်ကော်ပန်းခြံအနီးတွင် ယနေ့ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းက စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီကျော် ဝန်းကျင်တွင် ယောက်ကော်ပန်းခြံအနီးရှိ ဆောက်လက်စအဆောက်အဦတွင် ကင်းလာချသော စစ်ကောင်စီတပ်သားများ ကားပေါ်မှဆင်းချိန်တွင် မြို့ပြပြောက်ကျားအဖွဲ့မှ အဝေးထိန်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုအား GIANT GUARD UNDERGROUND အဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့သည့်ရဲဘော်များလည်း ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိကြောင်း ကြားသိရသော်လည်း သေဆုံးခြင်း ရှိ၊မရှိကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းရင် GGUG အဖွဲ့သို့ ဆက်သွယ်ထားရာ ယခုအချိန်ထိ ပြန်လည်ဖြေကြားပေးနိုင်ခြင်းမရှိသေးပေ။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တောင်ဒဂုံ စက်မှုဇုန်၊ စည်ပင်လမ်းမှ ပြည်ထောင်စုလမ်းမပေါ်သို့ သွားမည့်ကားများအား အသွားပိတ်ထားသလို MAB ဘဏ်နားမှ ယဉ်ကျေးမှုတက္ကသိုလ်ရှိရာနေရာထိ လမ်းပိတ်ဆို့ခဲ့ကြောင်း၊ ယောက်ကော်ပန်းခြံရှေ့တွင်လည်း ယာဉ်ထိန်းရဲအပါအဝင် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ မော်တော်ယာဉ် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly