ရွှေဘိုခရိုင်တပ်ရင်း (၁၈) မှ မောင်းပြန်ဝယ်ရန် ကမ်ပိန်းပြုလုပ်၊ အလှူငွေ အနည်းငယ်သာ ရရှိသေးဟုဆို

ရွှေဘိုခရိုင်တပ်ရင်း (၁၈) မှ မောင်းပြန်ဝယ်ရန် ကမ်ပိန်းပြုလုပ်၊ အလှူငွေ အနည်းငယ်သာ ရရှိသေးဟုဆို

အောက်တိုဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်တပ်ရင်း (၁၈) မှ မောင်းပြန်သေနတ် အစစ်ငါးလက်ဝယ်ယူရန်အတွက် ကမ်းပိန်းပြုလုပ်ခဲ့သော်လည်း သေနတ်တစ်လက်ဖိုးပင် အလှူငွေမရရှိသေးကြောင်း ဆိုသည်။

အဆိုပါကမ်ပိန်းကို အောက်တိုဘာ ၄ ရက်နေ့တွင်စတင်ခဲ့သော်လည်း ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့အထိ ၁၀ ရက်အတွင်း သေနတ်တစ်လက်ဖိုးပင် မရရှိသေးခြင်းဖြစ်သည်။

“ ကျနော်တို့ ဘက်မှာ ခွေးစစ်ကြောင်း (စစ်ကောင်စီ) က ရေယာဉ်နဲ့ကော လေယာဉ်တွေနဲ့ကော စစ်ကြောင်းဝင်နေတယ်။ ခုခံစရာက ကျနော်တို့စီမှာက လူအင်အားက ရှိတာပေါ့။ ကျနော်တို့ တပ်ရင်းမှာက လူအင်အား ၁၀၀ကျော်ရှိတယ်။ ဒါပေမဲ့ လက်လုပ်သေနတ်တွေပဲ ရှိတယ်။ တစ်တောင့်ထိုးတွေပေါ့။ သေနတ်အစစ်က အတော့်ကိုနည်းတယ်။ အဲ့ဒီအတွက် သေနတ်အစစ်တွေရနိင်အောင် အခုလို ကမ်ပိန်းလုပ်ရတာပါ။ အခုကျနော်တို့ကို လာလှူထားတာက သေနတ်တစ်လက်စာတောင် မပြည့်သေးဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း (၁၈) မှ ဗိုလ်စွန်ရဲက ပြောသည်။

သေနတ်တစ်လက်လျှင် ကျပ်သိန်း ၁၅၀ သတ်မှတ်ထားပြီး ငါးလက်စာ ကျပ်သိန်း ၇၅၀ ကမ်ပိန်း ပြုလုပ်နေခြင်းဖြစ်သည်။

အဆိုပါ ရွှေဘိုခရိုင်တပ်ရင်း (၁၈) သည် အမျိုးသားညီညွှတ်ရေးအစိုးရမှ အသိအမှတ်ပြုထားသောတပ်ရင်းဖြစ်သော်လည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ လက်နက်တစ်စုံတစ်ရာ ထောက်ပံ့ပေးထားခြင်း မရှိသေးပေ။

စစ်ကိုင်တိုင်းသည် စစ်အာဏာရှင်စနစ်ကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေသည့် တိုင်းဒေသတစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်သည့် နေရာတစ်ခုလည်း ဖြစ်သည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly