ပြည်သူများထံမှ ငွေကြေးကောက်ခံမှုမရှိကြောင်း CNO/CNDF ထုတ်ပြန်

ပြည်သူများထံမှ ငွေကြေးကောက်ခံမှုမရှိကြောင်း CNO/CNDF ထုတ်ပြန်

အောက်တိုဘာ ၁၄

မဇ္စျိမ ။။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ကို တွန်းလှန် တိုက်ခိုက်နေသော ချင်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် CNO/CNDF အနေဖြင့် ပြည်သူများထံမှ အခွန် ၊ ဆက်ကြေးကောက်ခံခြင်း မရှိကြောင်း အောက်တိုဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။

ဖလမ်းမြို့နယ် နယ်နမိတ်အတွင်းနှင့် ၎င်းတို့လှုပ်ရှားနယ်မြေ မည်သည့်လမ်းကြောင်းတွင်မဆို ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် တံစိုးလက်ဆောင် လက်ခံခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ရန် CNDF တပ်သားများအားလုံးထံ အမိန့်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းဆိုသည်။

ပြည်သူများမှ မေတ္တာဖြင့်ပေးကမ်းလာသော လက်ဆောင်များပင် အဖွဲ့ခေါင်းဆောင်ထံသို့ အသိပေးအကြောင်းကြားပြီးမှသာ စနစ်တကျ လက်ခံရန် မိန့်ကြားထားပြီး ဖြစ်သည့်အတွက် လမ်းမကြီးတစ်လျှောက် တပ်စွဲသည့်နေ့မှ စ၍ ယနေ့အချိန်ထိ ပြည်သူများထံ အခွန်ကဲ့သို့လည်းကောင်း ၊ ဆက်ကြေးကဲ့သို့လည်းကောင်း ငွေကြေးကောက်ခံခြင်း တစိုးတစိမျှမရှိခဲ့ပါကြောင်း ဖော်ပြထားသည်။

သို့သော် ၎င်းတို့ CNO/CNDF အဖွဲ့အမည်နာမကို အလွဲသုံးစားလုပ်၍ လမ်းမကြီးတွင် ငွေကြေးကောက်ခံနေကြောင်း ပြည်သူများထံမှ တစ်ဆင့်ကြားသိရကြောင်း ဆိုသည်။

“သူတို့ရဲ့ CNO/CNDF သိက္ခာကျဆင်းစေတဲ့အပေါ်မှာ မူတည်ပြီး သူတို့လုပ်ရပ်အတွက် တာဝန်ယူသွားရမှာပါ ၊ CNO/CNDF ရဲ့ ဥပဒေအတိုင်း အရေးယူသွားဖို့တော့ရှိပါတယ်” ဟု CNO/CNDF တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမကို ပြောသည်။

ကလေး - တီးတိန် - တီအိုချောင်းလမ်းမတစ်လျှောက်တွင် ၎င်းတို့တပ်ဖွဲ့အနေဖြင့် တပ်စွဲထားခြင်းမရှိသကဲ့သို့ ပြည်သူများထံမှ ငွေကြေးတစ်စုံတစ်ရာ တောင်ခံခြင်း လုံးဝ (လုံးဝ) မရှိကြောင်း ဆိုသည်။

ချင်းအမျိုးသားအဖွဲ့ချုပ်သည် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ဖလမ်းမြို့နယ်နှင့် ကလေး - ကဘော် ဒေသအတွင်း နေထိုင်သည့် လူမျိုးစုအားလုံးပါဝင်လျက် ကျယ်ပြန့် စွာဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးဖြစ်သဖြင့် လက်ရှိ ဖလမ်းမြို့နယ် နယ်နမိတ်အတွင်း အုပ်ချုပ်ရေးကိစ္စအဝဝကို စီမံပိုင်ခွင့်ရှိသည့် တစ်ခုတည်းသော အဖွဲ့စည်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖလမ်းမြို့နယ်အတွင်း စစ်ရေး ၊ အုပ်ချုပ်ရေး ၊ ပညာရေး ၊ ကျန်းမာရေးနှင့် အခွန်ကောက်ခံရေး ကိစ္စအဝဝတွင် CNO/CNDF သည်သာ စီမံပိုင်ခွင့်ရှိသည့် အလျောက် ၎င်းတို့အဖွဲ့အမည်နာမကို အသုံးပြုလျက် ငွေကြေးကောက်ခံခြင်းများ ဆက်လက် လုပ်ဆောင်လာပါ ထိုကဲ့သို့လုပ်ရပ်များသည် တရားဝင်မှုမရှိကြောင်းနှင့် လုပ်ဆောင်သူများက ၎င်းတို့လုပ်ရပ်အပေါ် တာဝန်ခံရမည်ဖြစ်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၁ရက်နေ့က တီးတိန်မြို့နယ်အတွင်း တီးတိန် - ရိဒ် လမ်းမပေါ်ရှိ ဂိတ်တစ်ခုတွင် ခရီးသွားမိဘပြည်သူများ အဆင်ပြေစေရန် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တွေ့ဆုံ၍ ထပ်မံတွေ့ဆုံ၍ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်မီအထိ ငွေကြေးကောက်ခံခြင်းမပြုကြရန် သဘောတူ ခဲ့ကြကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ငွေကြေးကောက်ခံခြင်း

#ချင်းပြည်နယ်

#ZFU

#ချင်းအမျိုးသားတပ်ဦး

#CNDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly