ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးကွန်ရက် တည်ဆောက်ရန် အမေရိကန်က မဟာမိတ်များကို ဖိအားပေး 

ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးကွန်ရက် တည်ဆောက်ရန် အမေရိကန်က မဟာမိတ်များကို ဖိအားပေး 
Photo - EPA

October 14

နေတိုးလက်နက်စနစ်များနှင့် အံ့ဝင်ခွင်ကျဖြစ်သော စစ်လက်နက်စနစ်များကို အသုံးပြုပြီး ယူကရိန်း၏ မဟာဗျူဟာပစ်မှတ်များကို ရုရှ၏ ထိုးနှက်တိုက်ခိုက်ခြင်းများမှ ကာကွယ်ရန် ဆက်စပ်ဖွဲ့စည်းသည့် လေကြောင်းကာကွယ်ရေးကွန်ရက် တက်သုတ်ရိုက် တည်ဆောက်ရန် အမေရိကန်နိုင်ငံက မဟာမိတ်များကို ဖိအားပေးလျက် ရှိသည်။ 

ယခု သီတင်းပတ်က ယူကရိန်းအား ရုရှက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ နိုင်ငံအနှံ့က စွမ်းအင်အခြေခံ အဆောက်အအုံများ ပျက်စီးပြီး လူအနည်းဆုံး ၂၀ သေဆုံးခဲ့ရသည့်နောက်တွင် အဆိုပါ ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးကွန်ရက် တည်ဆောက်ရေးကို အရေးတကြီး ဖော်ဆောင်လာခြင်းပဲ ဖြစ်သည်။ 

“မနေ့က ယူကရိန်းခေါင်းဆောင်က ပြောဆိုခဲ့တာကတော့ လေကြောင်းကာကွယ်ရေးစွမ်းရည် ပိုမိုလိုအပ်တယ်ဆိုတာပါပဲ”ဟု ဘရပ်ဆဲလ်တွင် ကြာသပတေးနေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်းက ပြောသည်။ ယူကရိန်းအတွက် စစ်ရေးအထောက်အပံ့များ ပေးရေး မဟာမိတ်နိုင်ငံ ၅၀ က တွေ့ဆုံစည်းဝေးပြီး နောက်တစ်ရက်၌ ပြောဆိုခြင်း ဖြစ်သည်။ 

သို့ရာတွင် ရုရှ၏ အမျိုးမျိုးသော ခြိမ်းခြောက်မှုများမှ ယူကရိန်းကို ကာကွယ်ရန် အလွှာအသီးသီး ခံထားသော လေကြောင်းကာကွယ်ရေး တည်ဆောက်ရန် လိုအပ်မည်ဟု အမေရိကန်ထိပ်တန်းစစ်အရာရှိ ဗိုလ်ချုပ်ကြီး မတ် မီလေးက ပြောသည်။ 

“အမှန်တကယ် လေကြောင်းကာကွယ်ရေးမှာ တာတိုပစ်နဲ့ အနိမ့်ပျံစနစ်၊ တာလတ်ပစ်နဲ့ အလယ်အလတ်ပျံစနစ်နဲ့ တာဝေးပစ်နဲ့ အမြင့်ပျံစနစ်တွေနဲ့ ကာကွယ်ပေးနိုင်ဖို့ လိုအပ်တာ ဖြစ်တယ်”ဟု ၎င်းက ဘရပ်ဆဲလ်တွင် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ လေကြောင်းကာကွယ်ရေး အလွှာသုံးလွှာသည် ယူကရိန်းရှိ အဓိကမြို့များနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ရုရှ၏ ပဲ့ထိန်းဒုံးကျည်နှင့် ခရုစ်ဒုံးကျည်များအပြင် ဒရုန်းများ ရန်မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 

“ယူကရိန်းရဲ့ ဝေဟင်တစ်ခုလုံးကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ပေမယ့် ယူကရိန်းအတွက် ကာကွယ်ဖို့ လိုအပ်တဲ့ ဦးစားပေး ပစ်မှတ်တွေကိုတော့ ထိန်းချုပ်ကာကွယ်ထားနိုင်မှာ ဖြစ်တယ်”ဟု သတင်းစာရှင်းလင်းပွဲ၌ မတ် မီလေးက ပြောသည်။ 

အမေရိကန်က ယူကရိန်းအတွက် တာတိုနှင့် တာလတ်ပစ် အလယ်အလတ်ပျံ NASAMS လေကြောင်းကာကွယ်ရေးစနစ်ကို ပေးပို့မည်ဖြစ်ကြောင်း ကတိခံထားရာ စနစ်နှစ်ရပ်မှာ မကြာမီ ရောက်ရှိရန် ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required