ဆော်လမွန်ဝန်ကြီးချုပ်က တရုတ်စစ်တပ် တပ်စွဲခြင်းမရှိကြောင်း ဩစတြေးလျကို ပြော

By VOA
10 October 2022
ဆော်လမွန်ဝန်ကြီးချုပ်က တရုတ်စစ်တပ် တပ်စွဲခြင်းမရှိကြောင်း ဩစတြေးလျကို ပြော

ဆော်လမွန်ဝန်ကြီးချုပ် မန်နက်ဆာဆိုဂါဗာရယ်က နိုင်ငံပိုင်နက်အတွင်း တရုတ်စစ်တပ်ကို တပ်စွဲခွင့်မပြုကြောင်း ဩစတြေးလျကို အောက်တိုဘာ ၇ ရက်က ပြောကြားလိုက်သည်။

ဆော်လမွန်ကျွန်းသည် အမေရိကန်၊ ဩစတြေးလျနှင့် မဟာမိတ်နိုင်ငံများနှင့် ရန်လိုမှုတိုးလာသော တရုတ်တို့အကြား တောင်ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း သံတမန်ရေးရာ အငြင်းပွားသည့် အချက်အခြာတွင် ရှိနေသည်။

ဆော်လမွန်နှင့် တရုတ်အကြား လုံခြုံရေးသဘောတူညီချက်ကို ယမန်နှစ်က လက်မှတ်ရေးထိုးပြီး နောက်ပိုင်း အခန့်မသင့်ခဲ့သော ဆက်ဆံရေးကို ပြန်လည်ချောမွေ့စေရန် ဩစတြေးလျဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နက်စ်သည် အောက်တိုဘာ ၆ ရက်က ဆိုဂါဗာရီနှင့် ကင်ဘာရာတွင် တွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံအကြား သဘောတူညီချက်ကြောင့် ဆော်လမွန်ကျွန်းဒေသတွင် တရုတ်စစ်တပ် အခြေစိုက်မည်ကို စိုးရိမ်မှုများဖြစ်စေခဲ့သည်။

“တရုတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေက အရေးပါတဲ့ အရာတွေပါ။ တရုတ်တပ်စွဲတာတွေ မဖြစ်စေရဘူး ဆိုတာ အန်သိုနီအယ်ဘန်နက်စ်နဲ့တွေ့တုန်း ပြောခဲ့ပါတယ်” ဟု ဆော်လမွန်ဝန်ကြီးချုပ် ဆိုဂါဗာရယ်က AFP သို့ ဖြေကြားခဲ့သည်။

သို့သော် ဆိုဂါဗာရယ်က အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက် နှစ်ခုလုံးအတွက် အသုံးဝင်နိုင်သော ဆိပ်ခံတံတားများနှင့် လေဆိပ်များ တည်ဆောက်ရန် တရုတ်နိုင်ငံအား ခွင့်ပြုမည်ဟု ယခင်က ဆိုခဲ့သည်။

ဆော်လမွန်ကျွန်းစုများသည် ၂၀၁၉ ခုနှစ်တွင် သံတမန်ရေးရာအသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ ပေကျင်းသို့ ပြောင်းလဲခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် တရုတ်နှင့် လုံခြုံရေးသဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သည်။

ဆော်လမွန်နိုင်ငံအတွင်း တရုတ်နိုင်ငံ၏ သြဇာကြီးထွားလာမှုကြောင့်သာမက နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုနှင့် ပြိုင်ဆိုင်မှုများကြောင့် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် ဆော်လမွန်မြို့တော် ဟိုနီအာရာမြို့တွင် ပြင်းထန်သောဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။

ဆော်လမွန်ဒေသတွင် တရုတ်လွှမ်းမိုးမှု မြင့်တက်လာခြင်းကို ဩစတြေးလျနိုင်ငံပိုင် ရုပ်သံလိုင်းမှ ထုတ်လွှင့်သွားပြီးနောက် ဆိုဂါဗာရယ်က ပြည်ပမီဒီယာများကို တားမြစ်သွားမည်ဟု ယခုနှစ် အစောပိုင်းက ခြိမ်းခြောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required