ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း စစ်သား ၂ ဦးနှင့် အကြမ်းဖက်သမား ၇ ဦး သေဆုံး

By The News International
10 October 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် ဖြစ်ပွားသော တိုက်ခိုက်မှုများအတွင်း စစ်သား ၂ ဦးနှင့် အကြမ်းဖက်သမား ၇ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် ဟက်ဆန် ခဲလ်နှင့် တန့်ခ် ဧရိယာများ၌ သီးခြားစီ ဖြစ်ပွားသည့် ဖြစ်စဉ်နှစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့မှ စစ်သားနှစ်ဦး ကျဆုံးပြီး အကြမ်းဖက်သမား ခုနစ်ဦး သေဆုံးခဲ့ကြောင်း ဌာနပေါင်းစုံ ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

ဟက်ဆန် ခဲလ် ဧရိယာတွင် စစ်ယာဉ်တန်းကို အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သည့်အတွက် စစ်သားများက ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့ရာတွင် အကြမ်းဖက်သမား ၃ဦး သေဆုံးကြောင်း ISPR က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် ဂျတ်ဖာရာဘတ် ခရိုင်မှ အသက် ၃၀ နှစ်ရှိ စစ်သားတစ်ဦးဖြစ်သော မိုဟာမက် ပန်နာနှင့် တောင်ပိုင်း ဝါဇီရစ္စတန်ခရိုင်မှ ဒေသခံဖြစ်သည့် အသက် ၃၆ နှစ်ရှိ စစ်သား ရှာမားစ် အူလာတို့ အသက်စွန့်သွားခဲ့ရသည်။

အဆိုပါ ဧရိယာတွင် အခြားအကြမ်းဖက်သမားများကို သုတ်သင်ရှင်းလင်းရန် စစ်တပ်က နယ်မြေရှင်းလင်းမှုကို လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် တန့်ခ် ဧရိယာတွင် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုကို လုံခြုံရေးတပ်ဖွဲ့များက သိရှိခဲ့သည့်အတွက် ထိပ်တိုက်တွေ့ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်သမား ၄ဦး သေဆုံးပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါ အကြမ်းဖက်သမားများသည် ထိုဧရိယာတွင် ရည်ရွယ်ချက်ထား သတ်ဖြတ်မှုများ၊ ပြန်ပေးဆွဲမှုများနှင့် ခြိမ်းခြောက် ငွေညှစ်ခြင်းတို့တွင် ပါဝင်ကျူးလွန်ထားသူများဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly