စစ်ရှောင်များအားထောက်ပံ့ရန်ဈေးဝယ်ယူနေသည့် ချိုးဖြူ PST တပ်ခွဲမှ ပရဟိတသမားကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ ၁ လနီးပါးကြားသည်အထိ အဆက်အသွယ်မရ

စစ်ရှောင်များအားထောက်ပံ့ရန်ဈေးဝယ်ယူနေသည့် ချိုးဖြူ PST တပ်ခွဲမှ ပရဟိတသမားကို စစ်ကောင်စီတပ် ဖမ်းဆီးထား၊ ၁ လနီးပါးကြားသည်အထိ အဆက်အသွယ်မရ

(မဇ္ဈိမ)။ ။ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် နွားကွေ့ကျေးရွာနေ ပရဟိတလုပ်ငန်းများအားဦးဆောင်လုပ်ကိုင်သူ ကိုမောင်လေးကို စစ်ကောင်စီတပ်မှသေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းဆီးခံရသူ ကိုမောင်လေးမှာ ချိုးဖြူ(PST)တပ်ခွဲမှဖြစ်ပြီး စစ်ဘေးရှောင်များအားထောက်ပံ့ လှူဒါန်းသောလုပ်ငန်းစဉ်တွင်သာပါဝင်သူဖြစ်ကာ အောင်ပန်းမြို့မဈေးတွင် စစ်ဘေးရှောင်များကို ထောက်ပံ့လှူဒါန်းရန် ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများဝယ်ယူနေစဉ် ပြီးခဲ့သည့် စက်တင်ဘာ လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဖမ်းဆီးခံရတာ တစ်လနီးပါးရှိနေပြီ။ အခုချိန်ထိ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရမှန်း မသိရ ဘူး။ အခုထိ အဆက်အသွယ်ပြတ်နေတုန်းပဲ” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ဖမ်ဆီးခံခဲ့ရသော ကိုမောင်လေးသည် ချိုးဖြူတပ်ဖွဲ့တွင် စစ်ရှောင်များအား ထောက်ပံ့ လှူဒါန်းသည့် လုပ်ငန်းစဉ်များတွင်သာ ပါဝင်ဆောင်ရွက်ခဲ့ပြီး စစ်တပ်အာဏာမသိမ်းမီကတည်းကပင် ၎င်း၏ကျေးရွာတွင် ပရဟိတလုပ်ငန်းများအားဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း ချိုးဖြူတပ်ဖွဲ့မှ အသိ ပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခု ဖြစ်သော ချိုးဖြူပြောက်ကျားတပ်ဖွဲ့(PST)တပ်ခွဲသည် သီတင်းကျွတ်လပြည့်နေ့အကြို ကုသိုလ်ကောင်းမှု အနေဖြင့် စစ်ဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆားအပါအဝင် အခြားအခြေခံစားသောက်ကုန်များ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ချိုးဖြူပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ ၄ ရက်နေ့နှင့် သြဂုတ်လ ၁၃ ရက်နေ့တို့တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် လိုအပ်လျက်ရှိသော မိုးကာ၊ စောင်၊ အနွေးထည်၊ အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများ၊ ကျောင်းသုံးစာအုပ်နှင့် ခဲတံများကို သွား ရောက်လှူဒါန်းခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required