မြန်မာစစ်တပ်အား လက်နက်ရောင်းချမှုကို တားမြစ်ရန် နိုင်ငံတကာလုံခြုံရေးကော်မတီအစည်းအဝေးတွင် ဦးကျော်မိုးထွန်း ပြောကြား

မြန်မာစစ်တပ်အား လက်နက်ရောင်းချမှုကို တားမြစ်ရန် နိုင်ငံတကာလုံခြုံရေးကော်မတီအစည်းအဝေးတွင် ဦးကျော်မိုးထွန်း ပြောကြား

မဇ္ဈိမ။ ။မြန်မာအာဏာသိမ်းစစ်တပ်ကိုလက်နက်ရောင်းချမှုအား တားမြစ်ပိတ်ဆို့ကြရန် (၇၇)ကြိမ် မြောက် ကုလသမဂ္ဂ နိုင်ငံတကာလုံခြုံရေးကော်မတီ အစည်းအဝေးတွင် မြန်မာသံအမတ်ကြီး ဦးကျော်မိုး ထွန်းက တိုက်တွန်းပြောကြားလိုက်သည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နိုင်ငံတကာ လုံခြုံရေး ကော်မတီအစည်းအဝေး မိန့်ခွန်းတွင် ဦးကျော်မိုးထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအချို့သည် မြန်မာပြည်သူများနှင့် နိုင်ငံတကာ၏ တောင်းဆိုမှုများကို မျက်ကွယ်ပြုပြီး အာဏာ သိမ်းစစ်တပ်ကို လက်နက်များနှင့် ဆက်စပ်ပစ္စည်များ ရောင်းချနေကြရာ စစ်တပ်က ထိုလက်နက်များကို အသုံးပြုပြီး ပြည်သူများကို တိုက်ခိုက်နေသည်ဟု ဦးကျော်မိုးထွန်းက ပြောသည်။

အာဏာသိမ်း စစ်တပ်က စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာက စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ် ခုနစ် ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဦးကျော်မိုးထွန်းက ထောက်ပြခဲ့သည်။

နောက်ထပ် မြန်မာပြည်သူများ၏ အသက်ပေါင်းများစွာသည် အာဏာသိမ်းစစ်တပ်အား လက်နက်နှင့် ဆက်စပ်ပစ္စည်းများရောင်းချမှုပိတ်ပင်ရန် တိကျသောဆုံးဖြတ်ချက်အပေါ်တွင် မူတည်ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောသည်။

ထို့ပြင် မြန်မာစစ်တပ်ကို လက်နက်များ ဆက်လက်ရောင်းချသောနိုင်ငံများသည် အာဏာသိမ်းစစ်တပ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ သတ်ဖြတ်မှုများတွင် ပူးတွဲပါမည်ဖြစ်ကြောင်းလည်း ဦးကျော်မိုးထွန်း က ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ယခုနှစ်အောက်တိုဘာလ ၁၂ ရက်နေ့အထိ အာဏာ သိမ်းစစ်တပ်က လူပေါင်း ၂,၃၀၀ ကျော်ကို သတ်ဖြတ်ထားသည်ဟု နိုင်ငံရေးအကျည်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

ဓာတ်ပုံ- လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ကွင်း (CJ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required