ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေသူများ နေရပ်ပြန်လာရန် စစ်ကောင်စီ ကမ်းလှမ်း

ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်နေသူများ နေရပ်ပြန်လာရန် စစ်ကောင်စီ ကမ်းလှမ်း

မဇ္ဈိမ ။ ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့မှ စစ်အာဏာသိမ်းဆန့်ကျင်မှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေရသူများ ပုံမှန်အတိုင်း နေရပ်တွင် ပြန်လည်နေထိုင်ရန် စစ်ကောင်စီ ကြေညာထားကြောင်း ဒေသခံများထံက သိရသည်။

ထွက်ပြေး တိမ်းရှောင်နေသူများအနေဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်ပူပန်ခြင်းမရှိကြရန်နှင့် ပြန်လည်ဝင်ရောက်နေထိုင်သူများအား ငွေ ၂၀၀,၀၀၀ ကျပ် ထောက်ပံ့ပေးမည်ဟု စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဝါဒဖြန့်ကြေညာထားကြောင်း ဒေသခံများကပြောသည်။

''သူတို့ကတော့ အဲ့လိုဝါဒဖြန့်ပြီး ခေါ်ပြီးဖမ်းမယ်။ ရအောင်ဖော်ထုတ်မယ်။ အဲ့လို လုပ်နေတာ လက်တွေ့မှာလည်းရှိနေသလို လတ်တလောလည်း ဖမ်းလို့ ကောင်းတုန်းပါပဲ။ ဓနုဒေသကို ငြိမ်းချမ်းသယောင်ပြချင်နေပေမယ့် အမှန်တကယ် မငြိမ်းချမ်းဘူး။ ပြန်လာမယ့်သူတွေအနေနဲ့ လုံးဝမလုံခြုံပါဘူး။ ပြန်သွားမယ့်သူလည်း လုံးဝမရှိပါဘူး။ ပြန်မယ်လို့ ဆုံးဖြတ်ထားတာတို့ စိတ်ဝင်စားတာတို့ ရှိခဲ့ရင်လည်း လုံးဝမပြန်ပါနဲ့လို့ ပြောချင်တယ်''ဟု ၅၀၅ က ဖြင့်ထွက်ပြေးတိမ်းရှောင်နေရသူ ပင်းတယဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဓနုဒေသတွင် စစ်ကောင်စီအင်အား အလွန်နည်းနေပြီဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီယူနီဖောင်းဖြင့် စစ်ကိုင်းဘက်မှ ပို့လိုက်သော ပျူစောထီးများ၊ ဒေသခံ ပျူအနည်းငယ်နှင့် စစ်ကောင်စီတပ်မှ အသက်အရွယ် ကြီးမြင့်နေသူများသာ လှည့်ပတ်နေကြောင်း အဆိုပါဒေသခံက ဆိုသည်။

ဓနုဒေသရှိ ပင်းတယနှင့်ရွာငံ နှစ်မြို့နယ်တွင် စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် နှစ်နှစ်ခန့်ကာလအတွင်း သက်သေမရှိဘဲ မတရားအမိန့်ချခံရသူ ဦးရေ ၃၀ ထက်မနည်းရှိကြောင်း၊ အမိန့်မချသေးဘဲ ချုပ်နှောင်ထားဆဲ ဦးရေ ၅၀ ခန့်ရှိကြောင်း ဒေသခံများထံက သိရသည်။

ထို့အပြင် ချိတ်ပိတ်ခံရသည့် အိမ်ပေါင်း ၁၂ အိမ်၊ မီးရှိူ့ဖျက်ဆီးခံရသော အရပ်သားနေအိမ်အလုံး ၈၀ ခန့် နှင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင်မိသားစု ၄၀၀ ဝန်းကျင်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required