မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ရုရှားအား စစ်ကောင်စီကမ်းလှမ်း

မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ရုရှားအား စစ်ကောင်စီကမ်းလှမ်း

(မဇ္စျိမ)။ ။မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍအပါအဝင် စက်မှုဇုန်များထူထောင်၍ စက်မှုထုတ်ကုန်များ ထုတ်လုပ်ရန် ရုရှားအား လာရောက်ရင်းနှီးမြှုပ်နှံစေလိုကြောင်း စစ်ကောင်စီက ကမ်းလှမ်းထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ယမန်နေ့ အောက်တိုဘာ ၁၂ ရက်က စတင်ကျင်းပနေသော (Russian Energy Week International Forum) ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့ တက်ရောက်စဥ် စစ်ကောင်စီလက်အောက်ခံစွမ်းအင်ဝန်ကြီးက ယင်းသို့ ကမ်းလှမ်းစကားပြော ဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အာဏာ သိမ်းမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီများဖြစ်သော Total ၊ Chevron ၊ Woodside Petronas ၊ Puma စသည့် စွမ်းအင်ကုမ္ပဏီများ ပြည်တွင်းမှထွက်ခွာသွားကြသဖြင့် ယင်းနေရာတွင် အစား ထိုးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

ယင်းဖိုရမ်တွင် တက်ရောက်ခဲ့သည့် မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ရုရှားနိုင်ငံစွမ်းအင်ကဏ္ဍ တွင်လုပ်ကိုင်နေသည့်ကုမ္ပဏီများအား မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ် မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချရေးကိစ္စများတွင် လာရောက်ရင်းနှီး မြှုပ်နှံရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး၊ ရုရုား-မြန်မာ ချစ်ကြည်ရေးပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံ တွင် အရေးပေါ်တုံ့ပြန်ရေးစင်တာ (Emergency Response Center) တည်ထောင်နိုင်ရေး၊ ရန်ကုန်နယ် နိမိတ်ဧရိယာအတွင်း ရုရုား-မြန်မာ ချစ်ကြည်ရေးစက်မှုဇုန်တည်ထောင်၍ စက်မှုလုပ်ငန်းများတွင် အသုံး ပြုနိုင်မည့် စက်ကိရိယာများထုတ်လုပ်သွားနိုင်ရေးတို့အတွက်လည်း ဖိတ်ခေါ်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required