ဖလမ်းမြို့ စည်ပင်သာယာဈေးအနီးတွင် ယာဉ်မောင်းရဲတပ်သား ပစ်ခတ်ခံရ၍ သေဆုံး

ဖလမ်းမြို့ စည်ပင်သာယာဈေးအနီးတွင် ယာဉ်မောင်းရဲတပ်သား ပစ်ခတ်ခံရ၍ သေဆုံး

မဇ္ဈိမ။ ။ချင်းပြည်နယ် ဖလမ်းမြို့ စည်ပင်သာယာဈေးအနီးတွင် အောက်တိုဘာလ ၁၁ ရက်နေ့ ညပိုင်းက ယာဉ်မောင်းရဲတပ်သားတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားသည်ဟု မြို့ခံများထံမှ သိရသည်။

ဖလမ်းမြို့ရဲစခန်းမှ ယာဉ်မောင်းရဲတပ်သား ဦးဒါလ်းကပ်ခိုင်သည် မြို့တွင်းရှိ ၎င်းတာဝန်ကျရာနေရာ၌ သွားရောက်ကင်းစောင့်ပြီးအပြန်လမ်းတွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာ တွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

“အဲဒီနေ့ည ၁၀ နာရီလောက်မှာ သေနတ်သံ ခြောက်ချက် ခုနစ်ချက်လောက်ကြားရတယ်။ မနက် ရောက်တော့ ရဲတစ်ယောက်က စည်ပင်ဈေးအနီးမှာ သေနေတဲ့ရုပ်အလောင်းတွေ့ရတာဗျ။ အခုဒီရက်ပိုင်း ဖလမ်းမြို့မှာ သေနတ်သံတွေ ငြိမ်နေတာကြာပြီ” ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောသည်။

ပစ်သတ်ခံရသည့် ရဲတပ်သား ဒါလ်းကပ်ခိုင်၏ ရုပ်အလောင်းအား အောက်တိုဘာလ ၁၂ ရက်နေ့တွင် သင်္ဂြိုဟ်ပြီးဖြစ်ကြောင်းသိရကာ ၎င်းတွင် တစ်နှစ်ဝန်းကျင်အရွယ်သားတစ်ဦးနှင့် ဇနီးကျန်ရစ်ခဲ့သည်ဟု ဖလမ်းမြို့ခံများက ဆိုသည်။

အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့မှ မိမိတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း မရှိ သလို ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

ဖလမ်းမြို့ပေါ်တွင် အဆိုပါပစ်ခတ်မှု မဖြစ်ပွားခင်ရက်ပိုင်းများကလည်း လက်နက်ကိုင်အချို့ မြို့တွင်း လှုပ်ရှားမှုများရှိနေသည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

ဓာတ်ပုံ - Zalen

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required