ပုလောတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရမ်းသန်းပစ်ခတ်မှု ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ကျည်ထိမှန်

By ကိုရွှေမြိတ်
13 October 2022
ပုလောတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ရမ်းသန်းပစ်ခတ်မှု ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၄ ဦး ကျည်ထိမှန်

October 13

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ တပိုကျေးရွာ အနီးတွင် ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်၌ မြိတ်မြို့မှ ပုလောမြို့ဘက်သို့ လာသည့် ယာဉ်ကိုးစီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများက ရမ်းသန်း ပစ်ခတ်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင် အရပ်သားလေးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ အဖွဲ့ဝင်တစ်ခု ဖြစ်သော တောကြီး မြွေဟောက် (King Cobra) အဖွဲ့က တပိုကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီယာဉ် တစ်စီးထိခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားတစ်ဦး အရေးပေါ်ကားဖြင့် လာရောက် သယ်ယူသွားသည်ဟု ပုလောအခြေစိုက် PDF ရဲဘော် တစ်ဦးထံက သိရသည်။

“စစ်ကားတစ်စီး ထိခိုက် ပျက်စီး သွားတယ်။ စစ်ခွေး(စစ်ကောင်စီတပ်သား) တစ်ကောင်လည်း အရေးပေါ် ကားနဲ့ လာတင် သွားတာ တွေ့ရတယ်”ဟု ပုလော အခြေစိုက် PDF ရဲဘော် တစ်ဦးက ပြော သည်။

စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းသည် မိုင်းဆွဲတိုက်ခိုက် ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများသည် တပိုကျေးရွာ မရောက်ခင် လမ်းဘေးဝဲယာ တစ်လျှောက် ၄၀ မမ အပါဝင် လက်နက်ကြီး လက်နက် ငယ်များဖြင့် တရစပ်ရမ်းသန်းပစ်ခတ်ခဲ့သည်။

ထိုသို့ ရမ်းသန်းပစ်ခတ်မှုကြောင့် တပိုကျေးရွာမှ အမျိုးသမီးတစ်ဦး ခြေထောက်ရှပ်ထိ ခဲ့ပြီး ဇရပ်ဆိပ်ကျေးရွာမှ သက်ကြီး ရွယ်အိုတစ်ဦး ပေါင်ကျည်ထိမှန်ဒဏ်ရာရကာ ကလေးငယ် တစ်ဦး ကျည်ဆန်ရှပ်ထိ မှန်ခဲ့သည်။

ထို့ပြင် ပလကျေးရွာက ဇာဒီတောင် ဘုန်းကြီးကျောင်း ဆိုင်းဘုတ် အနီးတွင် ထော်လာဂျီ မောင်းနှင် နေသည့် အမျိုးသား တစ်ဦးထပ်မံ၍ ကျည်ဆန်ရှပ်ထိခဲ့ပြီး စုစုပေါင်း ပြည်သူ လေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) ၏ တိုက်ပွဲ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့သည် ၎င်းတို့ယာဉ်တန်းသွားရာ တပိုကျေးရွာမှ ပလကျေးရွာ အထိ လမ်းတစ်လျှောက်တွင် ရမ်းသန်း ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး တပို၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ ဘိုင်းပြင်၊ မင်းပြင်နှင့် ဖလမြို့ရှိ ဒေသခံများ၏ နေအိမ် ၄၀ လုံး နီးပါး အမိုး အကာနှင့် နေအိမ်များအပါဝင် အိမ်အသုံးဆောင် ပစ္စည်းများ ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#တနင်္သာရီ

#ပုလောမြို့

#တပိုကျေးရွာ

#စစ်ကောင်စီတပ်

#ရမ်းသန်းပစ်ခတ်

#ဒေသခံ၄ဦး

#ကျည်ထိမှန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly