အချုပ်အခြာအာဏာအတွက် အပေးအယူလုပ်စရာအကြောင်းမရှိ ဟု ထိုင်ဝမ်သမ္မတ ပြောကြား

အချုပ်အခြာအာဏာအတွက် အပေးအယူလုပ်စရာအကြောင်းမရှိ ဟု ထိုင်ဝမ်သမ္မတ ပြောကြား

ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်က ထိုင်ဝမ်၏ အချုပ်အခြာအာဏာအတွက် အပေးအယူလုပ်စရာ အကြောင်း မရှိကြောင်း ထိုင်ဝမ်အမျိုးသားနေ့တွင် ပြောကြားလိုက်ပြီး စစ်ပြုခြင်းသည် ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးအတွက် ရွေးချယ်စရာ မဟုတ်ကြောင်း တရုတ်ကို သတိပေးလိုက်သည်။

သမ္မတစိုင်အင်ဝမ်က အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်သော ထိုင်ဝမ်အမျိုးသားနေ့တွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ 

“ထိုင်ဝမ်ပြည်သူတွေရဲ့အများဆန္ဒက ကျွန်မတို့ရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ပြီး ဒီမိုကရေစီဆန်တဲ့ဘဝကို ကာကွယ်ဖို့ပါ။ ဒီအပေါ်မှာ အပေးအယူလုပ် ညှိနှိုင်းဖို့ နေရာမရှိပါဘူး” ဟု စိုင်အင်ဝမ်က ပြောကြားခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ 

“စစ်ပြုတာဟာ ထိုင်ဝမ်ရေလက်ကြားဆက်ဆံရေးအတွက် ရွေးချယ်စရာမဟုတ်ဘူးဆိုတာ တရုတ်အာဏာပိုင်တွေကို ပြောချင်ပါတယ်။ အချုပ်အခြာအာဏာ၊ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအပေါ် ထိုင်ဝမ်ပြည်သူတွေရဲ့ တောင်းဆိုမှုကို လေးစားခြင်းဖြင့်သာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေကို ပြန်လည်စတင်နိုင်မှာဖြစ်ပါတယ်” ဟု စိုင်အင်ဝမ်က ဆိုသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ခရီးစဉ်အပြီး တင်းမာမှုများ မြင့်တက်နေချိန်တွင် ထိုင်ဝမ်သမ္မတက “ထိုင်ဝမ်ရဲ့ လုံခြုံရေးကိုကာကွယ်တာဟာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေကို ကာကွယ်တာနဲ့ ညီမျှပါတယ်။ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ပျက်စီးသွားရင် ကမ္ဘာတစ်ဝှမ်းက ဒီမိုကရေစီနိုင်ငံတွေအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှုတွေ ရှိလာလိမ့်မယ်" ဟု ဆိုသည်။

ထိုင်ဝမ်၏ အောက်တိုဘာ ၁၀ ရက်တွင် ကျရောက်သော အမျိုးသားနေ့၌ ထိုင်ဝမ်နှင့် သံတမန်အပြည့်အဝဆက်ဆံရေးရှိသော နိုင်ငံ ၁၄ နိုင်ငံအနက် တစ်နိုင်ငံဖြစ်သော ပလာအိုသမ္မတအပါအဝင် နိုင်ငံတကာမှ ဧည့်သည်များ တက်ရောက်ကြသည်။ တက္ကဆက်ပြည်နယ်မှ ဒီမိုကရက်တစ်အမတ် အက်ဒီဘာနစ်ဂျွန်ဆင်လည်း တက်ရောက်ခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

တရုတ်၏ခြိမ်းခြောက်မှုများ ရှိနေသော်လည်း အာဏာရှင်စနစ် တစ်ကျော့ပြန်လာမှုကို တွန်းလှန်နိုင်ရေး ကမ္ဘာ့နိုင်ငံများနှင့် ထိတွေ့ဆက်ဆံသွားမည်ဟု သမ္မတစိုင်အင်ဝမ်က အစောပိုင်းတွင် ကတိပြုထားသည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ လာရောက်ပြီးကတည်းက တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုနှင့် ထိုင်ဝမ်လေကြောင်းနှင့်ကပ်လျက် စစ်လေယာဉ်များ ပျံသန်းခြင်းအပါအဝင် အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly