ဘာလိုချီစတန်ရှိ တရုတ်ကုမ္ပဏီများ၏ အမြတ်ဆက်ထုတ်နေမှုများကို ဥပဒေပြုအမတ်တစ်ဦးက ရှုတ်ချ

ဘာလိုချီစတန်ရှိ တရုတ်ကုမ္ပဏီများ၏ အမြတ်ဆက်ထုတ်နေမှုများကို ဥပဒေပြုအမတ်တစ်ဦးက ရှုတ်ချ

ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်မှ ဥပဒေအမတ်တစ်ဦးက ပြည်နယ်အတွင်းရှိ စွမ်းအင်စီမံကိန်းများအတွက် အလုပ်လုပ်နေသော တရုတ်ကုမ္ပဏီများ၏ ဆက်လက်လုပ်ဆောင်လျက်ရှိသော အမြတ်ထုတ်မှုများကို ပြစ်တင်ရှုတ်ချလိုက်ကာ ပင်လယ်သတ္တဝါများ ပျက်စီးစေပြီး ဒေသခံငါးဖမ်းသမားများ၏ အသက်မွေးမှုကို အဆုံးသတ်စေသော တရုတ်ကုမ္ပဏီများကို ထိန်းချုပ်ရန် အစိုးရအား တောင်းဆိုလိုက်သည်။

ပါကစ္စတန်၏ အကြီးဆုံးပြည်နယ် ဘာလိုချီစတန်မှ အလွတ်တန်း ဥပဒေပညာရှင်လည်းဖြစ်သူ အက်စလမ်ဘူတာနီက တရုတ်ကုမ္ပဏီများသည် ပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်းဒေသများရှိ ပင်လယ်သတ္တဝါများ၏ ဘဝကို ပျက်စီးစေ‌ကြောင်းနှင့် ဒေသခံများကို အလုပ်မခန့်ကြောင်း စွပ်စွဲပြောဆိုလိုက်သည်။

 ဘူတာနီက ပြည်နယ်အတွင်း ရေကြီးမှုဒုက္ခကြုံတွေ့နေရချိန်တွင် အကူအညီမပေးခဲ့သည့် တရုတ်ကုမ္ပဏီများကိုလည်း ပြစ်တင်ခဲ့သည်။

လက်ဘဲလာနှင့် ဂွါဒါမြို့တို့ကို ကိုယ်စားပြုသော ဘာလိုချီတန်ဥပဒေပြုအမတ်က တရုတ်ကုမ္ပဏီများသည် အခွန်မဆောင်ကြောင်း စွပ်စွဲပြောဆိုလျက် လိမ်လည်သူများဟု ခေါ်ဝေါ်ခဲ့ကြောင်း Dawnသတင်းက ဖော်ပြခဲ့သည်။

 “တရုတ်ကုမ္ပဏီတွေက ဘာလိုချီစတန်မှာ ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ အင်အားစုတွေအဖြစ် လည်ပတ်နေခဲ့ကြပါတယ်။ တရုတ်ဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်ပြီး ကိစ္စအတော်များများမှာ ကျွန်တော်တို့ကို အကူအညီပေးခဲ့တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေဟာ ဒေသတွင်းမှာ ပျက်စီးမှုတွေလည်း ဖြစ်စေခဲ့ပါတယ်” ဟု ဆိုသည်။
 
ပင်လယ်ရေသတ္တများကို ဖျက်ဆီးနေသော ထိုကုမ္ပဏီများအပေါ် ပတ်ဝန်းကျင်ဆိုင်ရာခုံရုံးက အရေးယူမှု မရှိသည့်အပေါ်လည်း ဘူတာနီက စောဒကတက်ခဲ့သလို စစ်တပ်အကာအကွယ်ဖြင့် အလုပ်လုပ်ခြင်းသည် အခြေခံအဆောက်အအုံများကို ဖျက်ဆီးရန် ခွင့်ပြုချက်ပေးလိုက်ခြင်းမဟုတ်ကြောင်း ပြောသည်။

 ဘာလိုချီစတန်တွင် တရုတ်ငါးဖမ်းအဖွဲ့များအပေါ် ကန့်ကွက်ဆန္ဒပြမှုများနှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများ လိုအပ်မှု များပြားလာချိန်တွင် ဘူတာနီက ယခုကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly