ကျောက်ဆည်မြို့နယ် ရွှေဂူကြီးဂိတ်တွင် လူငယ် ၃ ဦးကို စစ်ကောင်စီမှ ပစ်ခတ်ဖမ်းဆီး

ကျောက်ဆည်မြို့နယ် ရွှေဂူကြီးဂိတ်တွင် လူငယ် ၃ ဦးကို စစ်ကောင်စီမှ ပစ်ခတ်ဖမ်းဆီး

အောက်တိုဘာလ ၁၂ ရက်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်အနောက်ဘက်ရှိ ရွှေဂူကြီးဂိတ်တွင် လူငယ်သုံးဦးကို စစ်ကောင်စီတပ်မှ အောက်တိုဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီတွင် ပစ်ခတ်ဖမ်းဆီးပြီး ယနေ့ အောက်တိုဘာလ ၁၂ ရက်ထိ ပြန်လည်လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်ဖမ်းဆီးခံရသူများမှာ အသက် (၂၀) ဝန်းကျင်အရွယ်ရှိ မောင်နိုင်ဇင်လင်း၊ မောင်ချစ်ခိုင်နှင့် အသက်(၁၉)နှစ်အရွယ်ရှိ မောင်ဝိုင်းချစ်တို့ဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားသော ရွှေဂူကြီး ဂိတ်ကိုဖြတ်သန်းချိန်တွင် ဆိုင်ကယ်ရပ်မပေးခြင်းကြောင့် စစ်ကောင်စီတပ်မှပစ်ခတ်ဖမ်းဆီးကာ ဆိုင်ကယ် နှစ်စီးလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

''လက်ရှိအခြေအနေက အဖမ်းခံရတဲ့ ကလေးသုံးယောက်နဲ့ ဘယ်လိုမှ အဆက်သွယ်မရသေးပါဘူး။ ဘယ်မှာထိမ်းသိမ်းထားတယ်ဆိုတာ အခုချိန်ထိမသိရသေးပါဘူး။ ရွှေဂူကြီးဂိတ်ကို အရင်ကလည်းဖြတ် နေကျပါ။ အဲဒီနေ့ကျမှ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး သေနတ်နဲ့ပစ်ဖမ်းသွားတာပါ။ အသက်အန္တရာယ် ထိ စစ်ခွေးတွေ ယုတ်မာမှာစိုးပါတယ်။ သူတို့ သုံးယောက်ထဲက နိုင်ဇင်လင်းက ကျည်ထိထားတယ် ကြား ပါတယ်။ အခုလအတွင်း ကျောက်ဆည်မှာ စစ်ခွေးတွေ သောင်းကြမ်းယုတ်မာနေပါတယ်''ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်နေ့ ည ၁၂ နာရီခန့်က ရေပြစ်ရွာနှင့် နှစ်မိုင်ခန့်သာဝေးသည့် တံတားဦးကုန်းရွာမှ ဒေါ်သိန်းဌေး အသက်(၄၇)နှစ်ကို ဖမ်းဆီးခဲ့ပြီး အောက်တို ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ၎င်း၏ အလောင်းကို သွားရောက်ယူဆောင်ခဲ့ရကြောင်း ဒေသခံများ ထံက သိရသည်။

ထို့ပြင် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ရန်ဘက်လုံရွာ(ရေပြစ်)တွင် နေထိုင်သူ အသက်(၄၀)ဝန်းကျင်ရှိ ကိုကျော်မင်းလွင်၊ အသက် (၅၀) ဝန်းကျင်အရွယ်ရှိ ရေပြစ်ရွာအုပ်ချုပ်ရေးမှူးနှင့် အသက် (၃၀) ဝန်းကျင်အရွယ်ရှိ အရပ်သားတစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၂၆၂၃) ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က ပြုစုထားသည့် စာရင်းများအရ သိရသည်။

စာတည်း။ ။ စောဖေ

စာမူတည်းဖြတ်။ ။ စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly