တီးတိန်မြို့ လဝကရုံးနှင့် သမဝါယမရုံးမီးလောင်၊ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ၂ဦးသေဆုံး

တီးတိန်မြို့ လဝကရုံးနှင့် သမဝါယမရုံးမီးလောင်၊ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံ၂ဦးသေဆုံး

အောက်တိုဘာလ ၁၂ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများဖြစ်ပေါ်ခဲ့ပြီး လဝကရုံးနှင့် သမဝါယမရုံးများ မီးလောင်ပြာကျကာ မြို့နေဒေသခံ နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံးခဲ့ကြောင်း မြို့နေဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉နာရီ ၁၅မိနစ်ခန့်မှစ၍ တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ သမဝါယမရုံး၊ မီးလောင်ခြင်းနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံး ၊ ဝန်ထမ်းအိမ်ယာများ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်နေစဉ် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း သိရသည်။

မီးလောင်နေစဉ် ရမ်းသန်းပစ်ခတ်မှုကြောင့် တီးတိန်-လိုင်လိုးရွာကြားရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်၍ နေအိမ်ရှိအမျိုးသမီး တစ်ဦးနှင့် တီးတိန်မြို့ အနောက်ဘက်ရပ်ကွက်ရှိ ဒေသခံတစ်ဦးတို့ လက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့သည်ဟု မြို့နေဒေသခံများက ဆိုသည်။

တီးတိန်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ ရုံးသုံး ကားတစ်စီးနှင့် ကျိမ်နွဲတည်းခိုခန်းအဆောက်အဦ ပြတင်းပေါက်မှန်များ ထိခိုက်ပျက်စီးသည့်အပြင် အဆိုပါကားအောက်တွင် ဗုံးတစ်လုံးတွေ့ရပြီး ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။

ဒါ့အပြင် သေနတ်ပစ်ခတ်သံများသည် ည ၉နာရီ ၁၅မိနစ်ခန့်မှစ၍ နံနက် ၂နာရီ ၃၀ မိနစ်ခန့်အထိ ဖြစ်ပွားခဲ့ကာ Tedim Theological College ကျောင်းဆောင်ဘေးပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိကြောင်း ဆိုသည်။

တီးတိန်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများရမ်းသန်းပစ်ခတ်မှုများရှိခဲ့ပြီး မည်သည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားသည်ကိုမူ မသိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၂၀၂၂ခုနှစ်၊ ဧပြီလ ၃၀ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်အရ တီးတိန်မြို့နယ်အား တီးတိန်ခရိုင်အဖြစ်တိုးချဲ့ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး မီးလောင်ပြာကျသွားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးရှေ့တွင် တီးတိန်ခရိုင်ရုံးဆိုင်းဘုတ်များ ထောင်ထားသည်ကို တွေ့ရသည်။

အဆိုပါ မီးလောင်မှုများ ၊ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး တီးတိန်ဒေသ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် PDF- Zoland အနေဖြင့် ၎င်းတို့လက်ချက်မဟုတ်သလို ပြည်သူများကို စိုးရိမ်ထိန်လန့်အောင်လုပ်နေသည့် အဖွဲ့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

တီးတိန်မြို့နယ် မိန်းပေါက်ဘက်ကို တာဝန်ယူထားသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF CDM-SIYIN အနေနဲ့လည်း အဆိုပါကြောင်းအရာများနှင့် ပတ်သက်ပြီး ၎င်းတို့အနေဖြင့် မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရသလို ဒေသခံတပ်များထံ အသိမပေးပဲ တစ်စုံတရာ လှုပ်ရှားမှုများ ဖြစ်သွားသည့်အပေါ် အမည်မသိ လက်နက်ကိုင်တချို့ကိုလည်း ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly