မြင်းခြံတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခံရ ၉ ဦး သေ

By စိုင်းခန့်
12 October 2022
မြင်းခြံတွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခံရ ၉ ဦး သေ

အောက်တိုဘာ ၁၂

(မဇ္စျိမ)။။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ကားတစ်စီး လမ်းဘေးထိုးကျ ပျက်စီးကာ ကိုးဦးသေဆုံးခဲ့ကြောင်း နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF ထံမှ သိရသည်။

မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ထွက်ခွာလာသည့် ငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို ငါန်းမြာ-ငါန်းဇွန်းလမ်းမပေါ် နတ်ကြီးရွာနှင့် ကုန်းလည်ရွာကြားတွင် အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်း၌ ကာကွယ်ရေးတပ်ဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းကာ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ဆီမီးခုံမြို့ကနေ ည ၉ နာရီခွဲမှာ ငါန်းဇွန်ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းပါ၊ ငါး စီးပါပါတယ်။ စခ(စစ်ကောင်စီတပ်သား)အင်အား အများဆုံးပါတဲ့ ကားနှစ်စီးကို ရွေးပြီး တိုက်ခိုက်လိုက်တာပါ၊ နှစ်စီးလုံး ဒဲ့ထိပါတယ်။” ဟု နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီယာဉ်တန်းတွင် ပါဝင်သည့် ကားနှစ်စီးကို ပဒေသာမိုင်း ခုနစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုတွင် မိုင်းထိမှန်ခဲ့သည့် စစ်ကောင်စီတပ်ကားနှစ်စီးမှ တစ်စီး လမ်းဘေးထိုးကျပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“ ဆွဲခံရတဲ့ ကားနှစ်စီးက ပြန်တောင်မပစ်နိုင်ဘူး၊ ရှေ့က ကားနှစ်စီးက အတင်းတွေပစ်တာ ဒါပေမယ့် ရမ်းပစ်တာဆိုတော့ ကျွန်တော်တို့က အေးဆေးပဲ။ မိုင်းဆွဲခံရတဲ့ နှစ်စီးမှာ တစ်စီးက လမ်းဘေးထိုးကျ ပျက်စီးသွားလို့ အဲ့နေရာမှာပဲ ထားခဲ့ရတယ်။” ဟု NYSGF တာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီတပ်က မိုင်းဆွဲခံရမှုကြောင့် ပျက်စီးသွားသည့် ကားတစ်စီးကို ထားခဲ့ကာ ကျန်ယာဉ်တန်းလေးစီးဖြင့် ဆက်လက်မောင်းနှင်ထွက်ခွာသွားပြီး ယမန်နေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင်မှ ပျက်စီးခဲ့သည့် စစ်ကားကို ပြန်လည်ဆွဲယူသွားကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFနှင့် မြင်းခြံခရိုင်တပ်ရင်းအမှတ် (၁) 27 Revolution Force မဟာမိတ်ညီနောင် နှစ်ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီတပ်က အင်အားများစွာတိုးမြင့်ချထားကာ လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်နေပြီး ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များက နည်းမျိုးစုံဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိနေသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်ကြားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က သံချပ်ကာကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများ စိုးရိမ်လျှက်ရှိနေသည်။

#mizzima

#သပိတ်ကျင်းမြို့နယ်

#မန္တလေးတိုင်း

#NYSGF

#လုံခြုံရေးတင်းကျပ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly