တူမီးထီ အပတ်စဉ် (၅)မှ ရရှိသော ရန်ပုံငွေကို ကာကွယ်ရေးအဖွဲ့နှင့် စစ်ဘေးရှောင် အဖွဲ့များသို့ပေးအပ်

တူမီးထီ အပတ်စဉ် (၅)မှ ရရှိသော ရန်ပုံငွေကို ကာကွယ်ရေးအဖွဲ့နှင့် စစ်ဘေးရှောင် အဖွဲ့များသို့ပေးအပ်

မဇ္စျိမ ။။တူမီးထီ အပတ်စဉ် (၅) မှ ရရှိလာသော တော်လှန်ရေး ရန်ပုံငွေ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့များသို့ ခွဲဝေပေးခဲ့ကြောင်း အောက်တိုဘာ ၉ရက်နေ့တွင် ထုတ်ပြန်သည်။

ထီရောင်းငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁,၄၉၅ ရရှိခဲ့ပြီး တောင်ပိုင်းချင်းအမျိုးသား ညီညွတ်ရေးကော်မတီ (SCPUC – USA) မှ တူမီးထီသို့ ကန်ဒေါ်လာ ၅၀၀ လှူဒါန်းခဲ့ ကြောင်းနှင့် ဆုကြေးငွေ ဒေါ်လာ ၄၀၀ နှင့် အေးဂျင့် အတွက် ၃၄ဒေါ်လာ အသုံးပြုခဲ့ ကြောင်းဖော်ပြထားသည်။

ရရှိထားသော ရန်ပုံငွေများထဲမှ ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC) သို့ ဒေါ်လာ ၅၆၀ ၊ မတူပီ စစ်ဘေးရှောင်များ အတွက် ဒေါ်လာ ၅၀၀နှင့် တီးတိန် စစ်ဘေးရှောင်များအတွက် ဒေါ်လာ ၅၀၀ အသီးသီးခွဲဝေပေးအပ်ထားကြောင်း သိရသည်။

တူမီးထီ အပတ်စဉ်(၅) တွင် ထီထိုးသူဦးရေ လျော့နည်းသည့်အတွက် ရန်ပုံငွေရရှိမှု နည်းပါးသွားကြောင်း ထောက်ပို့ပြည်သူ ၊ တော်လှန်ပြည်သူများအနေဖြင့် တော်လှန်ရေး အမြန်အောင်မြင်နိုင်ဖို့ အတွက် များများထောက်ပံ့ဖို့ လိုအပ်မည်ဖြစ်ကြောင်း ဆိုသည်။

တူမီးထီ က ရရှိလာသော ရန်ပုံငွေများသည် ချင်းတော်လှန်ရေး အင်အားစု အသီးသီးထံသို့ စီးဆင်နေခြင်းဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များ ပိုအားဖြည့်နိုင်ဖို့ တူမီးထီကို အားပေးကြရန်တိုက်တွန်းထားသည်။

အာဏာရှင်စနစ်အား အပြည့်အဝ တော်လှန်နိုင်ရမည်ဟူသည့် ယုံကြည်ချက်ဖြင့် တူမီးထီကို တစ်စိုက်မတ်မတ်အားပေးကြသည့် အယောက်စီတိုင်းအား ချင်းရန်ပုံငွေအဖွဲ့ - တူမီးထီမှ ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

တူမီးထီအပတ်စဉ် (၆) အတွက် ထီလက်မှတ်များ ရောင်းချနေပြီဖြစ်ပြီး အောက်တိုဘာလ ၃၁ရက်နေ့တွင် ကံထူးရှင်များကို ပြန်လည်ရွေးချယ်သွားမည် ဖြစ်ကြောင်းသိရသည်။

တူမီးထီသည် ၂၀၂၁ ခုနှစ်တွင်စတင်သည့် မြန်မာနွေဦးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေးရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program - CRFP ) မှရောင်းချသော ချင်းဒီဂျစ်တယ် ထီဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required