မြောင်မြို့နယ်အတွင်းရှိ ရွာများကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ၆ ဦးသေ ၂၀ ခန့်ဒဏ်ရာရ

မြောင်မြို့နယ်အတွင်းရှိ ရွာများကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ၆ ဦးသေ ၂၀ ခန့်ဒဏ်ရာရ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ညောင်ကားယားရွာနှင့် ပန်းညိုရွာတို့ကို မီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ (၂) MGN 35 ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်က ညောင်ကားယားရွာနှင့် ပန်းညိုရွာတို့ကို မွှေနှောက်မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကား ခုနစ်စီးအား တလုပ်မြို့ - မြင်းခြံ - နဘူးအိုင်အသွား လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ သီတင်းကျွတ်ပရိုမိုးရှင်းအဖြစ် မိုင်းခွဲကျွေးခဲ့တာပါ။ ကားသေး နှစ် စီးတည့်တည့်မိတယ်ဗျ။ ခွေးကောင်ရေ(စစ်ကောင်စီတပ်သား) အသေခြောက်ကောင်၊ အကောင် ၂၀ ဒဏ်ရာရတယ်။ နှစ်ကောင်က ပြင်းထန်ဒဏ်ရာရတယ်။ တိကျတဲ့သတင်းပါ။ မီးရှို့ခံရတဲ့ဒေသခံတွေကတော့ ဒီလိုဖြစ်ရပ်မျိုးတွေက အသားကျပြီးသားလို ဖြစ်နေတော့ သူတို့အနေနဲ့ ခွေးသေဖို့ကလွဲရင် ဘာစိတ်ခံစားချက်မှ မရှိတော့ပါဘူး” ဟု MGN 35 သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ညောင်ကားယားရွာသို့ ဝင်ရောက်မွှေနှောက်ချိန်တွင် အင်အား ၁၅၀ ဖြင့်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ကိုင်းရွာတွင် အင်အား ၅၅ ယောက်ခန့် နောက်ချန်ထား၍ အင်အား၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကား ခုနစ် စီးဖြင့် ထွက်ခွာလာစဉ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားအသေးနှစ်စီး ကားဦးခေါင်း လည်ထွက်က ထိုးရပ်ခဲ့ကြောင်း MGN 35 သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့တွင် မြောင်မြို့နယ် ညောင်ကားယားရွာရှိ လူနေအိမ် ၁၃ လုံးနှင့် ပန်းညို ရွာရှိ နေအိမ် နှစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၉ရက်နေ့ နံနက်ပိုင်းက ညောင်ကားယားရွာရှိ လူနေအိမ် ကိုးလုံးအား ထပ်မံမီးရှို့ခဲ့၍ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း လူနေအိမ် ၂၄လုံး မီးလောင်ပြာကျ ခဲ့ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required