ပခုက္ကူမြို့ ဆင်ပေါက်လှချောင်း ရေလျှံမှုကြောင့် မိသားစု ၄ ဦးသေဆုံးပြီး အိမ် ၁၁ လုံး ရေထဲမျောပါ

ပခုက္ကူမြို့ ဆင်ပေါက်လှချောင်း ရေလျှံမှုကြောင့် မိသားစု ၄ ဦးသေဆုံးပြီး အိမ် ၁၁ လုံး ရေထဲမျောပါ

မဇ္ဈိမ။ ။မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ဆင်ပေါက်လှချောင်း ရေလျှံမှုကြောင့် ချောင်းအနီး နေထိုင်သည့် မိသားစု လေးဦးသေဆုံးခဲ့ပြီး အိမ်ခြေ ၁၁ လုံး ရေထဲမျောပါသွားကြောင်း ဟိန်းသုခ ရှာဖွေကယ်ဆယ်အသင်း ဥက္ကဋ္ဌ ထံက သိရသည်။

ပခုက္ကူမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက် နံနက်အစောပိုင်း ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာရာသွန်းခဲ့ပြီး နံနက် ၃ နာရီတွင် ချောင်းရေများ အရှိန်အဟုန် ဖြင့်ဆင်းလာသည့်အတွက် ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် ပြင်ဆင်ခဲ့ကြသည်။

ထိုသို့ ပြင်ဆင်မှုများ ပြုလုပ်နေသည့်အချိန်တွင် အသက် (၆) နှစ်အရွယ် မောင်မင်းသက်ပိုင်၊ အသက် (၁၅) နှစ်အရွယ် မပိစိ၊ အသက်(၄၅) နှစ်ရွယ် ဒေါ်မာလာဝင်း နှင့် အသက် (၅၁) နှစ်အရွယ် ဦးမောင်ညိုတို့ ရေထဲမျောပါကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ရေကြီးလာလို့ လွတ်ရာကို ကူးဖို့လုပ်ကြတာ။ အငယ်ဆုံး ခြောက်နှစ်သားလေးက ရေထဲမှာ အရင်မျောသွားတာ။ အဲ့ဒါကို သူ့အစ်မက လိုက်ဆယ်တာ။ မောင်နှစ်မနှစ်ယောက်လုံး မျောသွားတော့ သူတို့ အဖေနဲ့အမေက ထပ်ပြီး လိုက်ဆယ်ရင်း လေးယောက်လုံး အခုလိုမျောပြီး သေတာ။ သူတို့က ချောင်းဘေးမှာ နေကြတာ။ ချောင်းရေက အဲ့ဒီနေ့ မနက်မှာပဲ ပြန်ကျသွားတယ်" ဟု ဟိန်းသုခ ရှာဖွေကယ်ဆယ်အသင်း ဥက္ကဋ္ဌ ဦးဟိန်းထက်အောင် မဇ္ဈိမကို ပြောသည်။

ရေထဲမျောပါ သေဆုံးသွားသည့် ကလေးနှစ်ဦးကို အောက်တိုဘာ ၈ ရက်နေ့မနက်ပိုင်းတွင်ပင် ပြန်လည်တွေ့ရှိခဲ့ပြီး ညနေ ၄နာရီတွင် မြေမြှုပ် သင်္ဂြိုဟ်ခဲ့သည်။ မိခင်ဖြစ်သူကို အောက်တိုဘာ ၉ ရက်နေ့ နံနက် ၉ နာရီတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပြီး ဖခင်ဖြစ်သူကို ၁၀ ရက်နေ့ နံနက် ၉နာရီတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့ ဆင်ပေါက်လှချောင်းတစ်လျှောက်တွင် နေထိုင်သည့် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး သေဆုံးသူမိသားစုမှာ ပလုံကောက်သည့် အလုပ်ကို လုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းနေကြသူများဖြစ်သည်ဟု သိရသည်။

"အရင်နှစ်တွေက ဒီလောက်ထိ မဆိုးဘူး။ ဒီနှစ်က ပိုဆိုးလာတယ်။ ချောင်းကလည်း ကျဉ်းလာတော့ ရေက အလုံးအရင်းနဲ့ကို ဆင်းလာတာ။ ချောင်းဘေးနားကို ၁၀ပေလောက်အထိရေကတက်တာ။ အိမ်တွေမြုပ်ခါနီးပဲ။ လက်ရှိနေနေကြတဲ့သူတွေ အနေနဲ့ ဒါကို သင်ခန်းစာယူပေါ့။ မိုးလေဝသအခြေအနေကို နားစွင့်ပြီး လိုအပ်ရင် ဘေးလွတ်ရာကို အမြန်ရွှေ့ပြောင်းဖို့လုပ်တာတွေ လုပ်သင့်တယ်"ဟု ဦးဟိန်းထက်အောင် က ပြောသည်။

အဆိုပါ ချောင်းရေလျှံမှုကြောင့် အိမ်ထောင်စု ၅၀ ကျော် ရေဘေးသင့်ခဲ့ပြီး မြစ်ရေနှင့်အတူ အိမ်အလုံးလိုက် မျောပါသွားသည့် အိမ်ခြေ ၁၁ လုံးရှိခဲ့သည်။ လက်ရှိအချိန်တွင် အိမ်ခြေရာမဲ့ဖြစ်သွားသူများကို ပခုက္ကူရှိ အနာကြီးရောဂါသည်များ နေသည့် ဓမ္မာရုံတွင် ခေတ္တထားရှိကာ ၎င်းတို့အတွက် အလှူငွေကောက်ခံ၍ အိမ်များ ပြန်လည်တည်ဆောက်ပေးနိုင်ရန် ကြိုးစားနေကြောင်း သိရသည်။

အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်အထိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required